တော်လှန်ရေး ၅ နှစ်ပြည့် လူငယ်စကားဝိုင်းကို ကရင်နီပြည်နယ်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂ UKSY က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
UKSY နဲ့ ကရင်နီအကျဉ်းသားများ အစည်းအရုံး KPPA တို့က ဦးဆောင်ပြီး နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
UKSY ဗဟိုအလုပ်အမှုဆောင် ကိုသူရိန်က “အာဏာသိမ်းမှုကြောင့် လူငယ်တွေ အခွင့်အလမ်း ဆုံးရှုံးသွားခဲ့တာကို ဘယ်လိုမျိုး ပြန်ပြင်ဆင်ကြမလဲ၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအသိုင်းအဝိုင်းကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ ၅ နှစ်တာကလမှာ ဘာတွေက စိန်ခေါ်မှုတွေလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” လို့ ပြောပါတယ်။
စကားဝိုင်းမှာ တော်လှန်ရေး ၅ နှစ်တာအတွင်း လူငယ်တွေဦးဆောင်ပြီး ဆန္ဒပြတာ၊ လက်နက်ကိုင်တော်လှန်တာ၊ မတရား အကျဉ်းချခံရတာ၊ CDM ပြုလုပ်တာ၊ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်တာ၊ နောင်လာမဲ့နှစ်အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်တာ၊ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေကို ချပြတာတွေ ရှိတယ်လို့ ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းလို့ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးတာ၊ အနာဂတ်ပျောက်တာ၊ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရတာတွေ လျော့ကျစေဖို့ ကျန်းမာရေး၊ ပညာရေးစတဲ့ လူထုဝန်ဆောင်မှု လုပ်ငန်းတွေလုပ်တာ၊ ကိုယ်ပိုင် သင်တန်းကျောင်းတွေ ဖန်တီးတာ၊ လေ့လာစရာနယ်ပယ်တွေရှိအောင် ဖန်တီးတာ၊ စစ်မှုထမ်းရှောင်လာသူတွေကို စိတ်ဝင်စားရာ နယ်ပယ်တွေမှာ အခွင့်အလမ်းဖန်တီးတာ စတာတွေနဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို တုံ့ပြန်ကြတယ်လို့ ပြောပါတယ်။
စကားဝိုင်းမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ - IEC လူငယ်ရေးရာဌာန DoYA၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ - KSCC၊ ကော်ယော်မနုမနောအမျိုးသားလူငယ်အဖွဲ့အစည်း - KyNYO၊ KPPA နဲ့ UKSY စတဲ့ ကိုယ်စားလှယ်တွေက ပါဝင်ဆွေးနွေး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။







