
၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့။ မိုးမလင်းခင် နာရီပိုင်းအလိုမှာ စစ်ကား ၁၀ စီးနဲ့ အမည်းရောင် SUV ကား ၄ စီး ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ထဲကို တိတ်တဆိတ် ဝင်ရောက်လာပါတယ်။
မြို့ခံတွေ အိပ်မောကျနေတဲ့အချိန်မှာပဲ စစ်သား ၁၀၀ ကျော်လောက်ဟာ လှိုင်မြစ်ကမ်းဘေးက ရပ်ကွက်တခုထဲကို ဝင်လာခဲ့ကြတာပါ။ သူတို့တွေ ဂရေ့စ်ဦး ရဲ့ တိုက်ခန်းရှေ့ရောက်တော့ အခြေအနေတွေ ဆိုးရွားကုန်ပါတော့တယ်။
"သူတို့ တံခါးကို ရိုက်ချိုးပြီး ဝင်လာကြတာ။ 'ငါတော့ သွားပြီ' လို့ တွေးမိလိုက်တယ်။ သူတို့ ငါ့ကို သတ်တော့မှာပဲပေါ့" လို့ ဂရေ့စ်က ABC သတင်းဌာနကို ပြောပါတယ်။
"လက်နက်ရှိလား၊ ဗုံးရှိလားဆိုပြီး အော်ဟစ်မေးကြတယ်။"
ဧည့်ခန်းထဲမှာ ဂရေ့စ်နဲ့ သူ့ကောင်လေးကို သေနတ်နဲ့ချိန်ထားပြီး အကြိမ်ကြိမ် ထိုးကြိတ်ကြပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သူတို့ကို ကားပေါ်ပစ်တင်ပြီး ရဲစခန်းကို ခေါ်သွားကြတယ်။
ရန်ကုန်မြို့ရဲ့ လူသူကင်းမဲ့နေတဲ့ လမ်းမတွေပေါ် ကားမောင်းခေါ်သွားချိန်မှာ သူ့မျက်နှာတခုလုံး ဒဏ်ရာတွေနဲ့ ထုံကျဉ်ပြီး အံ့အားသင့်နေခဲ့ရတယ်လို့ ဂရေ့စ်က ပြန် ပြောပြပါတယ်။
သူ့ဖုန်းထဲမှာ လက်နက်ကိုင်ထားတဲ့ ဆဲလ်ဖီပုံတွေနဲ့ အိမ်လုပ်ဗုံး လုပ်နည်း ဗီဒီယိုတွေကို ရဲတွေ တွေ့သွားကြတယ်။
"၂၀၂၁ မတိုင်ခင်ကတော့ ဒီလိုအလုပ်မျိုး လုပ်မယ်လို့ စိတ်ကူးတောင် မယဉ်ဖူးဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်က မတရားဘူးလေ" လို့ သူက ဆိုပါတယ်။
"ဒါကြောင့် လုပ်ကိုလုပ်မှ ရတော့မယ်။"
လွန်ခဲ့တဲ့ ၄ လ လောက်အထိ အသက် ၃၁ နှစ်အရွယ် ဂရေ့စ်ဟာ နာမည်ကြီး ပေါ့ပ်အဆိုတော်တွေကို သီချင်းသင်ပေးနေတဲ့ အော်ပရာ အဆိုရှင်တယောက်ပါ။
အဖမ်းခံရတဲ့အချိန်မှာတော့ သူဟာ စစ်အုပ်စုပစ်မှတ်တွေကို တိုက်ခိုက်တဲ့ လက်နက်ကိုင် မြို့ပြပြောက်ကျား ရဲဘော်တယောက် ဖြစ်နေပါပြီ။
အာဏာမသိမ်းခင်က မြန်မာပြည်က ဘဝ
ဂရေ့စ်ရဲ့ မယုံနိုင်စရာ ဘဝအပြောင်းအလဲဟာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ရာကနေ စတင်ခဲ့တာပါ။
အာဏာမသိမ်းခင် လပိုင်းအလိုမှာ NLD ပါတီဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။ တကယ်တော့ ဒီလိုရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာကိုက အံ့ဖွယ်တခုပါပဲ။
နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ လမ်းမတွေပေါ်မှာ တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြရတာပါ။
ဂရေ့စ်တို့မျိုးဆက် မဲပေးနိုင်တဲ့အရွယ် ရောက်လာတော့ ဒီကြိုးပမ်းမှုတွေက အရာထင်လာခဲ့ပါပြီ။
၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတယ်။ NLD လည်း နိုင်ငံရေးလောကထဲ ဝင်ခွင့်ရလာတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တယ်။
တနိုင်ငံလုံးမှာလည်း မျှော်လင့်ချက်တွေ လွှမ်းခြုံနေခဲ့တဲ့အချိန်ပေါ့။ နောက်ဆုံးရွေးကောက်ပွဲမှာ မဲပေးသူ ၇၀ ရာခိုင်နှုန်းလောက်ရှိခဲ့ပြီး မဲရုံမဖွင့်ခင် မိုးမလင်းခင်ကတည်းက တန်းစီစောင့်ဆိုင်း မဲပေးခဲ့ကြတာပါ။
NLD ကို မဲပေးခဲ့တဲ့ ဂရေ့စ်အပါအဝင် လူအများစုကတော့ စစ်အာဏာရှင်ခေတ် ကုန်ဆုံးသွားပြီလို့ ယုံကြည်ခဲ့ကြတယ်။
"တိုင်းပြည်ကြီး တိုးတက်လာတော့မယ်ဆိုပြီး မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တာ" လို့ ဂရေ့စ်က ပြောပါတယ်။
"ရွေးကောက်ပွဲနိုင်ရင် ကျမတို့အနာဂတ်က ပိုပြီးတောက်ပလာတော့မှာလေ။"
အဲဒီအချိန်က ဂရေ့စ်ရဲ့ ကိုယ်ပိုင်ဘဝအတွက်လည်း ပျော်စရာအကောင်းဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ ဂရေ့စ်က သင်းအုပ်ဆရာ နှစ်ယောက်ရဲ့ သမီးဖြစ်ပြီး ရန်ကုန်က ဘုရားကျောင်းဓမ္မတေးသီချင်းအဖွဲ့မှာ သီချင်းဆိုရင်း ကြီးပြင်းလာသူပါ။
အသက် ၁၇ နှစ်အရွယ်မှာ အမေရိကန် ဂီတဆရာတယောက်ကြောင့် အော်ပရာဂီတနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး ကရာတေးကစားတာအပြင် အော်ပရာကိုပါ စိတ်ဝင်စားလာခဲ့ပါတယ်။
"၂၀၂၁ မတိုင်ခင်ကတော့ နာမည်ကြီး ပေါ့ပ်အဆိုတော်တွေကို သီချင်းသင်ပေးနေတာပေါ့" လို့ သူက ပြောပါတယ်။
"သီချင်းသင်ပေးလိုက်၊ ရန်ကုန်မှာ ကိုယ်ပိုင် ဓမ္မတေးသီချင်းအဖွဲ့တစ်ခု ထောင်ထားတာကို ဦးစီးလိုက်နဲ့ အရမ်းအလုပ်များခဲ့တာ။ တနင်္ဂနွေနေ့တိုင်းလည်း ဘုရားကျောင်းမှာ ဂီတဒါရိုက်တာ လုပ်ပေးသေးတယ်။"
သူ့သူငယ်ချင်းအများစုက ဂီတလောကနဲ့ ကရာတေးလောကထဲကပါပဲ။ "အိမ်မှာဆုံလိုက်၊ လေ့ကျင့်လိုက်၊ ဖျော်ဖြေပွဲတွေ သွားလိုက်နဲ့ပေါ့။ အဲဒီတုန်းက ဘဝကို သိပ်ကျေနပ်ခဲ့တာ။"
ရေတပ်ထဲဝင်သွားတဲ့ ဟိုတယ်စားဖိုမှူးတယောက်နဲ့လည်း ၄ နှစ်ကြာ တွဲနေခဲ့တာပါ။ ဂရေ့စ်အတွက်ရော တိုင်းပြည်အတွက်ပါ အရာရာ အဆင်ပြေနေသလိုပါပဲ။
"အစီအစဉ်တွေ အများကြီး ရှိခဲ့တာ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ဂီတကျောင်းဖွင့်မလို့ စိတ်ကူးထားခဲ့တာ။"
အရာအားလုံး ပြောင်းလဲသွားတဲ့နှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်းမှာတော့ ကိုယ်ကာယနည်းပြ ဆရာမ ခိုင်နှင်းဝေဟာ သမိုင်းမှာ အံ့ဩစရာအကောင်းဆုံး မြင်ကွင်းတခုကို မရည်ရွယ်ဘဲ တိုက်ရိုက်လွှင့်မိသလို ဖြစ်သွားခဲ့ပါတယ်။ ကင်မရာရှေ့မှာ သူ အေရိုးဗစ်ကနေတုန်း နောက်ကွယ်မှာတော့ နေပြည်တော် လွှတ်တော်ဝင်းထဲကို စစ်ကားတွေ ဝင်ရောက်သွားခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တာပါ။
"အိမ်မှာနေတုန်း အဖေက 'အာဏာသိမ်းလိုက်ပြန်ပြီ။ သူတို့ထပ်လုပ်ပြန်ပြီ' လို့ လာပြောတယ်။ ဘာဖြစ်မှန်းကို မသိလိုက်ဘူး" လို့ ဂရေ့စ်က ပြောပါတယ်။
"ဘာမှလည်း လုပ်မရ၊ ခွေခေါက်လဲကျပြီး စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားတာပဲ။"
၆ ရက်လောက်ကြာတော့ ဂရေ့စ်တယောက်တည်း ရန်ကုန်မြို့ထဲထွက်ပြီး ဆန္ဒပြလူအုပ်ကြီးထဲ ရောဝင်သွားပါတယ်။
"မျှော်လင့်ချက်တွေ အဖျက်ဆီးခံလိုက်ရလို့ ထွက်ကိုထွက်မှဖြစ်မယ်လေ" လို့ သူက ဆိုပါတယ်။
"အာဏာသိမ်းတာ လက်မခံဘူးဆိုတာ သူတို့သိဖို့ ကျမတို့ဆန္ဒပြရတာပါ။ အဲဒီတုန်းက မတိုက်ခိုက်ကြသေးဘူး။ ကျောင်းသားတချို့ဆို ရဲတွေကို သူတို့မေတ္တာထားကြောင်းပြဖို့ ပန်းတွေတောင် ပေးကြသေးတာ။ သိပ်အေးချမ်းပါတယ်။"
ဆန္ဒပြပွဲတွေက သီတင်းပတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ တရုတ်သံရုံးရှေ့မှာ နဂါးအကတွေ ကကြတယ်။ Gen Z မိန်းကလေးတွေက ပန်းရောင်ညဝတ်အင်္ကျီတွေနဲ့ ဆန္ဒပြကြတယ်။ ကဗျာဆရာတွေက ဦးဆောင်ပြီး ကြွေးကြော်သံတွေ အော်ကြတယ်။
ဒါပေမဲ့ ဧပြီလရောက်တော့ ဂရေ့စ်ရဲ့ ဘဝရော၊ တိုင်းပြည်ရဲ့ ကံကြမ္မာပါ ထာဝရ ပြောင်းလဲသွားပါတော့တယ်။
"ဆန္ဒပြရုံနဲ့ မရတော့ဘူး"
မနက်တိုင်းလိုလို ဆန္ဒပြနေကျ ဂရေ့စ်တယောက် သူ့သူငယ်ချင်း ၅ ယောက် အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့ လမ်းပေါ်ထွက်တောင်းဆိုကြပေမဲ့ ဒီတခါတော့ ရဲတွေက သေနတ်နဲ့ ပစ်ပါတော့တယ်။
ဆန္ဒပြသူတယောက် သူ့ဘေးနားမှာပဲ ကျည်ထိပြီး ပွဲချင်းပြီး ဆုံးသွားတာ သူမြင်လိုက်ရတယ်။ နောက်တယောက်လည်း ထွက်ပြေးဖို့ကြိုးစားရင်း ကျောကို အပစ်ခံလိုက်ရတယ်။
ရန်ကုန်တမြို့လုံးမှာ လူတွေအသတ်ခံနေရပြီဆိုတဲ့ သတင်းတွေ ပြန့်လာတော့မှ စစ်တပ်က သူ့ကို သတ်ချင်နေမှန်း ဂရေ့စ် ပထမဆုံးအကြိမ် သတိထားမိသွားပါတယ်။
"အဲဒီကျမှ ဆန္ဒပြရုံနဲ့ မလုံလောက်တော့ဘူး။ သူတို့ကို ပြန်တိုက်မှရမယ်လို့ တွေးမိလိုက်တယ်" လို့ သူက ပြောပါတယ်။
"ဒါနဲ့ သူတို့ကိုပြန်တိုက်ဖို့ လက်နက်တွေ၊ ဗုံးတွေ၊ ကျည်ဆန်တွေ ရှာကြတော့တာပဲ။ ကိုယ့်မှာ ဘာမှမရှိဘူးလေ။"
"ကြာရင်တော့ သူတို့ ငါတို့ကိုလည်း သတ်မှာပဲလို့ တွေးမိတယ်။"
မိဘတွေနဲ့ မောင်တွေကို ဒုက္ခမရောက်စေချင်လို့ သူ အိမ်ကနေ ခွဲထွက်လာခဲ့ပါတယ်။ သူ့ကောင်လေးရယ်၊ တခြားရဲဘော်တွေရယ်နဲ့ အခန်းငှားပြီး စစ်သားတွေဆီက ဝယ်ထားတဲ့ လက်နက်တွေကို စုဆောင်းကြတယ်။
စစ်တပ်ပစ်မှတ်တွေနဲ့ ရဲစခန်းတွေကို ဗုံးသွားထောင်တဲ့ "မစ်ရှင်" တွေ လုပ်ကြတယ်။ ဆန္ဒပြပွဲတွေမှာလည်း ဆန္ဒပြသူတွေ ထွက်ပြေးလွတ်မြောက်နိုင်အောင် မီးခိုးဗုံးတွေ ဖောက်ပေးကြတယ်။
လူမသေအောင် ညဘက်တွေမှာပဲ လုပ်ဆောင်တယ်လို့ ဂရေ့စ်က ပြောပါတယ်။ သူ သေနတ်နဲ့ တခါမှ မပစ်ဖူးသလို လူလည်း မသတ်ဖူးပါဘူး။ သူကြောက်သလို စစ်တပ်ကိုလည်း ပြန်ကြောက်စေချင်တာပဲ ရှိပါတယ်။
"လက်နက်ဘယ်လိုသုံးရလဲဆိုတာ အတွေ့အကြုံမှ မရှိတာ" လို့ သူက ပြောပါတယ်။
"မစ်ရှင်ရဲ့ ရည်ရွယ်ချက်က 'ငါတို့ကို လာမထိနဲ့။ ဖမ်းရင် ငါတို့ဘက်ကလည်း တခုခု ပြန်လုပ်မယ်' ဆိုတဲ့ သတင်းစကား ပေးချင်ရုံပါပဲ။"
ပြည်ပရောက် ဘဝ
လုံခြုံရေးတပ်ဖွဲ့တွေ ဂရေ့စ်ကို ဖမ်းမိချိန်မှာ နိုင်ငံတဝန်း လူပေါင်း ၆၀၀ ကျော်လောက် အသတ်ခံခဲ့ရပြီးပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုပါတယ်။
အခုဆိုရင် အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေတာနဲ့အမျှ သေဆုံးရသူ အရပ်သား ၁၆,၆၀၀ အနည်းဆုံး ရှိလာပြီလို့ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၂,၅၀၀ ကျော်လည်း ဖမ်းဆီးခံထားရဆဲပါ။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲမှာ ၃ နှစ်လောက် နေခဲ့ရပြီးနောက် ဂရေ့စ်ဟာ ထိုင်းနိုင်ငံကို ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ အခုတော့ Joy House လို့ခေါ်တဲ့ နေရာလေးမှာ မြန်မာဒုက္ခသည် ကလေးတွေကို ဂီတသင်ပေးရင်း နေထိုင်နေပါတယ်။
နှစ်ပေါင်းများစွာ သွေးထွက်သံယိုဖြစ်ခဲ့ပြီးနောက် တိုင်းပြည်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး စစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲသတင်းတွေကို ဖတ်ရတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ဂရေ့စ်ကတော့ ပုံမှန်ဘဝပြန်ရဖို့ စိတ်ကူးမယဉ်တော့ပါဘူး။
"ဘဝဟောင်းကို ပြန်ရမယ် မထင်တော့ဘူး" လို့ သူက ပြောပါတယ်။
"အခု ကျမက လူတခြားတယောက် ဖြစ်နေပြီ။ ကျမ မဖြုံတော့ဘူး။ (Cold-blooded)"
ကရစ်ရှ်မာ ဗီးယပ်စ် (အာရှရေးရာ အယ်ဒီတာ)
Ref: ABC


