
လာမဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၅ နှစ်အတွင်း အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာ၊ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တာ၊ တော်လှန်ရေးကို ထောက်ပံ့တာတွေ ဆက်လက် လုပ်နေကြဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်ကတည်းက လက်ရှိအချိန်အထိ နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့တယ်။
အဲဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိုဗစ်ရောဂါ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း သိသိသာသာ လျော့နည်းလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်းကလည်း အာဏာမသိမ်းမီကာလထက် ၁၀ ဆလောက် မြင့်တက်လာပါတယ်။
ဒီလို စီးပွားရေး အကျပ်အတည်းတွေကြားမှာ ပြည်သူတွေဟာ ရုန်းကန်နေရပေမဲ့ တော်လှန်ရေးကိုတော့ နိုင်တဲ့ဘက်ကနေ ဆက်လက်ထောက်ပံ့နေကြဆဲပါ။
မသီတာ (အမည်လွှဲ) ကတော့ ကိုယ်တိုင်လည်း CDM သူနာပြုဝန်ထမ်းတယောက် ဖြစ်သလို ပြည်ပမှာ ရုန်းကန်နေရသူ ဖြစ်ပေမဲ့ ဒီလို အကျပ်အတည်းကြားမှာတောင် တော်လှန်ရေးမှာ ဆက်လက် ထောက်ပို့ပေးဖြစ်ကြောင်း ပြောပြပါတယ်။
“ကိုယ်တိုင်လည်း CDM ဆိုပေမဲ့ လက်နက်ကိုင်တော်လှန်တာမှာ မပါဝင်နိုင်တဲ့အတွက် ထောက်ပံ့တဲ့နေရာလေးကနေ ပါဝင်ပေးဖြစ်တာပါ။ ကိုယ်က လတိုင်း တခုခုလုပ်ပေးနေတော့ တာဝန်ကျေတဲ့စိတ်ကို ခံစားရတယ်။ အများကြီး မတတ်နိုင်တောင် တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ဖြစ်တယ်။”
တော်လှန်ရေးမှာ ထောက်ပို့ပြည်သူတွေ ပါဝင်နေသလိုပဲ ထောက်ပို့ပြည်သူတွေနဲ့ မြေပြင်အဖွဲ့အစည်းတွေအကြား အချိတ်အဆက်ရနိုင်ဖို့ Fundraiser ဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။
မိသားစုအရေးကိစ္စနဲ့ စားဝတ်နေရေး ရုန်းကန်မှုတွေအကြား တော်လှန်ရေးအစကနေ လက်ရှိအချိန်အထိ တော်လှန်ရေးမှာ ပါဝင်ဖြစ်နေတဲ့ အကြောင်းကို နွေဦးလူထုရန်ပုံငွေ (SCF) အဖွဲ့ ခေါင်းဆောင် မအမ်မလီယာက ပြောပြပါတယ်။
“တော်လှန်ရေးအလုပ်တွေ SDB SCF လို ပရောဂျက်တွေနဲ့ ကိုယ့်အချိန်နဲ့ မိသားစုအချိန်ကို Balance လုပ်ဆောင်ဖို့ကတော့ နေ့တိုင်း ကြုံတွေ့နေရတဲ့ ချဲလန့်တွေပါ။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တဲ့ လမ်းကြောင်းတခုကနေ အသိပညာတခုနဲ့ ပါဝင်ဖို့ကတော့ ဆက်လက်ပြီး လုပ်ဆောင်သွားမှာ။ အချိန်နဲ့ လူအင်အားကတော့ ဆက်ပြီးတော့ အားစိုက်သွားဖို့ လိုအပ်တယ်။ ဒါကတော့ ကျမတယောက်တည်းရယ်လို့ မဟုတ်ဘူး၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ တဦးတယောက်ချင်းစီတိုင်း နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရတဲ့ဟာလည်း ဖြစ်ပါတယ်။”
လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာတာနဲ့အတူ စစ်ကောင်စီဟာလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူ ဦးရေဟာ ၃ ဒသမ ၄ သန်းနီးပါး ရှိလာခဲ့ပါပြီ။
အဲဒီလို နေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ပြည်သူမှပြည်သူသို့ ထောက်ပံ့မှုတွေနဲ့ နေထိုင်စားသောက်နေကြရတာပါ။
လက်ရှိ တော်လှန်ရေးကာလ ကြာလာတာနဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက် များပြားလာတာကြောင့် စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့မှုတွေ အားလျော့သွားရင် စစ်ရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေအတွက် စိုးရိမ်စရာ ရှိလာမယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောကြပါတယ်။
ပြည်တွင်းပြည်ပ အကူအညီတွေ အနည်းငယ် လျော့သွားပေမဲ့ ပြည်သူကနေ ပြည်သူချင်း ပြန်လည်ကူညီတဲ့ အခြေအနေနဲ့ စစ်ရှောင်တွေ ဆက်လက်ရပ်တည်နေရတယ်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။
ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက “အမှန်တိုင်းပြောရင် ပြည်သူတွေဟာ တော်လှန်ရေးကို ခုချိန်ထိ ထောက်ပို့ပါတယ်။ သူတို့တတ်နိုင်တာတွေ သူတို့ရှိတာလေးတွေ ကိုယ့်မှာ စားစရာ မရှိတာတောင် ဖဲ့ပြီးတော့မှ ထောက်ပို့တာတွေ ရှိပါတယ်၊ အားကတော့ မလျော့ပါဘူး။ ဒါပေမဲ့ အရင်ကလိုတော့ အလုံးအရင်းနဲ့ မထောက်ပံ့နိုင်တာတွေ ရှိတယ်။ ဒီတော်လှန်ရေးဟာ ငါတို့မပါရင် မပြီးဘူး၊ ငါတို့မကူရင် မပြီးဘူး ဆိုတဲ့စိတ်နဲ့ သူတို့နိုင်တာလေးတွေနဲ့ ထောက်နေကြပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက မြို့နယ် ၃၃၀ ထဲမှာ စစ်ကောင်စီက မြို့ပြဗဟိုချက်တွေနဲ့ အုပ်ချုပ်ရေးယန္တရား အခြေစိုက်ရာ မြို့ကြီးတွေကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
သီရိ


