Home
မြန်မာသတင်း
စဉ့်ကူးနယ်က စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအတွက် ဘယ်လောက် အရေးပါလဲ
DVB
·
December 11, 2025
Photo: MDY PDF

မန္တလေးတိုင်း၊ စဉ့်ကူးနယ်ကို ပြန်ရဖို့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ညှပ်ပြီး တိုက်ခိုက်နေပါတယ်။

စဉ့်ကူးနယ်တောင်ပိုင်းက ရွှေပြည်ရွာနဲ့ တောင်အင်းရွာတို့ကို လတ်တလောမှာ  ပြန်သိမ်းယူထားပြီး ဒေသတွင်းလမ်းပိုင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။  

ရွှေပြည်ရွာနဲ့ တောင်အင်းရွာတို့ဟာ ဒေသတွင်းလမ်းပန်းခရီးမှာ အရေးပါတဲ့ လက်ပံလှရွာအနီးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသတွင်းလမ်းပိုင်းတွေမှာ အဓိကကျတဲ့နေရာတွေကို စစ်ကောင်စီက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

စဉ့်ကူးနယ်ကို သပိတ်ကျင်းဘက်ကနေ ပင်မစစ်ကြောင်းတခု၊ မတ္တရာဘက်ကနေ ပင်မစစ်ကြောင်းတခု အထက်အောက်ညှပ်ပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေတာပါ။ 

စစ်ကြောင်းလမ်းကြောတလျှောက်မှာ စစ်ကောင်စီတပ်သားတွေက အခြေအနေပေါ် မူတည်ရွေ့လျားနေပြီး ဒေသခံတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေရှိနေပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်း က “အရေးပါတာပေါ့ဗျာ။ ဒီစဉ့်ကူးနယ် ရွှေပြည် နဲ့ ထုံးကြီးလမ်းပိတ်သွားတဲ့အတွက် အရှေ့ဘက် အနောက်ဘက် ကူးသန်းနေတဲ့ လမ်းကြောပိတ်သွားတာပေါ့ဗျာ။ ကုန်စည်စီးဆင်းမှုရော တော်လှန်ရေးသမားတွေရဲ့ လုပ်ရပ်တွေရော အကုန်လုံးက လမ်းကြောင်းပိတ်သွားသလို ဖြစ်သွားတယ်။ ဘာအကျိုးဆက်တွေ ရှိလာနိုင်သလဲဆိုတော့ နယ်မြေတွေပြန်ရဖို့အတွက် ပြန်ပြီးတော့ အများကြီးကြိုးစားရမှာပေါ့ဗျာ။​ အခု မန္တလေးတိုင်းအတွင်းမှာ တော်လှန်ရေးဘက်က သိမ်းဆည်းထားတဲ့ နယ်မြေတွေက သယံဇာတအများဆုံးထွက်တဲ့ နယ်မြေတွေဆိုတော့ အဓိက အဲ့ဒီသယံဇာတတွေ သူတို့ ပြန်လည်ထိန်းချုပ်ချင်တာရယ်၊ မန္တလေး-မိုးကုတ်လမ်း ပြန်လည်ဖွင့်ရေးရယ် သူတို့ဦးစားပေးပြီးတော့ အင်အားအလုံးအရင်း နဲ့ စစ်ကြောင်းတွေ ထိုးနေတယ်လို့တော့ သုံးသပ်မိပါတယ်။ မန္တလေးတိုင်းဘက် မြောက်ပိုင်းကို ထိုးရတဲ့အကြောင်းရင်းက ရှမ်း-မန်း စစ်ဆင်ရေးကို ပျက်သွားစေချင်တဲ့ သဘောရယ်၊ တရုတ်ပြည်ဘက်ကို လမ်းကြောတွေ ကျယ်ကျယ်ပြန့်ပြန့်ပွင့်စေချင်တဲ့ သဘောရယ်လို့တော့ ကျနော် သုံးသပ်မိတယ်ဗျ။ နောက်တချက်ကတော့ မန္တလေးတိုင်းကို သူတို့ စိုးမိုးသွားပြီဆိုရင် နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေ ဝင်ဖို့ရာအတွက် လမ်းကြောက ကျဉ်းသွားတဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်ဗျ၊ အဲ့ဒါမှလည်း သူတို့ရဲ့ခံစစ်က ကျယ်ကျယ်ပြန့်ပြန့်ယူလို့ရမယ်လို့ ကျနော် သုံးသပ်မိပါတယ်” လို့ ပြောပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ မတ္တရာတမြို့နယ်လုံးက PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ပြန်သိမ်းယူထားပြီး မန္တလေး-ရှမ်းပြည်ကန တရုတ်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းကို ပြန်ထိန်းနိုင်ဖို့ ကြိုးစားနေတာပါ။ လတ်တလောမှာ စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်-မိုးမိတ် ဆက်စပ်လမ်းပိုင်းကို ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

နိုဝင်ဘာလကုန်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ခဲ့ပြီးနောက် မန္တလေးဒေသတွင်း တော်လှန်ရေးအစုအဖွဲ့တွေဟာ ကြီးမားတဲ့ဖိအား နဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မိုးထက်နေ က “ပြောက်ကျားလှုပ်ရှားမှုတွေ တော်လှန်ရေး အဖွဲ့တွေရဲ့ စုဖွဲ့မှုတွေနဲ့ ကျေးရွာအခြေစိုက်တဲ့ နယ်မြေတွေကတော့ ဆက်ရှိနေမယ်လို့ ကျနော်ကတော့ နားလည်ပါတယ်။ မြို့ကြီးတွေပါသွားတော့ တပိုင်းပေါ့လေ။ ဒေသတွင်းမှာတော့ လုံးဝ PDF ကင်းတဲ့နယ်မြေ၊ တော်လှန်ရေးမရှိတော့တဲ့နယ်မြေ၊ မြို့နယ် အဲ့ဒီလိုဖြစ်သွားမှာမျိုးတော့ မဟုတ်ဘူးလို့ နားလည်ပါတယ်။ ဆိုလိုချင်တာက ဒီမြို့တွေကို ပြန်သိမ်းမလား၊ ပြန်ထိုးစစ်ဆင်မလားတို့ ဆိုတာကတော့ ပြောရခက်ပါတယ်။ နောက်တခု ကျနော့်အမြင်ကတော့ မြို့တွေသိမ်းနိုင်တာ မသိမ်းနိုင်တာက တော်လှန်ရေးတခုရဲ့ အဆုံးအဖြတ် အဖြေမဟုတ်ဘူးလို့ နားလည်တယ်ပေါ‌ေ။ တော်လှန်ရေးစစ်မျက်နှာတွေ၊ တော်လှန်ရေးတပ်စခန်းတွေ ဘယ်နားမှာရှိနေနေ၊ ကျနော်တို့ ဒီတော်လှန်ရေးအစုအဖွဲ့ရဲ့ အတွေးအခေါ်တွေ၊ စဉ်းစားချက်တွေက လူထုအပေါ်မှာ ဘယ်လောက်လွှမ်းမိုးနိုင်လဲဆိုတာက အဖြေလို့ ကျနော်နားလည်တာကိုး” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ဇူလိုင်လမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ခဲ့တာဖြစ်ပြီး အချိန် တနှစ်ခွဲနီးပါးအကြာမှာ စစ်ကောင်စီက ပြန်သိမ်းဖို့ ဖိအားပေးလာတာပါ။ 

ဒေသတွင်းတော်လှန်ရေးအင်အားစုတွေအတွက် မိုးကုတ်-မိုးမိတ်မြို့နယ်တွေ အရေးပါသလို တန်ဖိုးကြီးတဲ့ ရွှေလုပ်ကွက်တွေကြောင့် စဉ့်ကူးမြို့နယ်ဟာလည်း အရေးပါတဲ့ အနေအထားဖြစ်ပါတယ်။ 

သုတချမ်းသာ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013