
စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နေတဲ့ မိုးကုတ်မြို့ကို မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့က ဦးဆောင်တိုက်ခိုက်နေပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ ဒေသတွင်းမှာ တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါတဲ့ ရန်သူ့စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တာပါ။
ဖွဲ့စည်းထားတဲ့ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ဟာ ဒေသတွင်း PDF တွေနဲ့ ပကဖ တွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ခံတယောက်က “ဒေါက်တာစိုးသူရဇော် ဦးဆောင်ပြီးတော့ သူတို့ စစ်ဦးစီးအဖွဲ့တော့ ဖွဲ့လိုက်ပြီပေါ့နော်။ ဘယ်လို အတိုး-အဆုတ် လုပ်မယ်ဆိုတာတော့ ကျနော်တို့လည်း သေချာတော့ မသိသေးဘူးပေါ့နော်။ ကျနော်တို့ ဒီမြေပြန့်က မဟာမိတ်တွေရော တခြားသော ERO တွေနဲ့ရော ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ နောက်ဆုံးအခြေအနေမှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ကျနော်တို့ ဖိအားပေးနိုင်ဖို့အတွက်ပေါ့၊ အင်အားတော့မများဘူး။ ဒါပေမဲ့ လုပ်တတ်ကိုင်တတ်တဲ့သူတွေ များတယ်ပေါ့နော်၊ သေသေချာချာလေး ကျနော်တို့ စုဖွဲ့ထားတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့နယ်နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ စဉ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၃ ခုခွဲပြီး ဝင်ရောက်နေပါတယ်။
စဉ့်ကူးနယ်ထဲကို စစ်ကောင်စီတပ်တွေက မတ္တရာနယ်ဘက်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး မတ္တရာနယ်ထဲက PDF ထိန်းချုပ်နယ်မြေအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက လက်လွှတ်ထားရပါတယ်။
မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “စစ်ကြောင်းကတော့ တကြောင်း တကြောင်းကို အင်အားက လေးငါးရာ ဝန်းကျင်တွေ များတယ်ဗျ။ စစ်ကြောင်းကတော့ လက်ရှိကတော့ စဉ့်ကူးနယ်ဘက်ကို ၃ ကြောင်း မျှပြီးထိုးနေတယ်ဗျ၊ တပြိုင်တည်း။ စဉ့်ကူးမြို့နယ် ကျောက်ငနွား ကျေးရွာဘက်ရယ်၊ နောက်တခါ နဂါးမောက်တောင်ဝန်းကျင်မှာရယ်၊ အရှေ့တကြောင်းကတော့ ပန်းတင်ရွာဝန်းကျင်မှာရယ်ဗျ၊ စဉ့်ကူးမြို့နယ်ထဲကို စစ်ကြောင်းတွေက ရောက်နေပါပြီ၊ ထိတွေ့မှုတွေလည်း ဖြစ်နေပါတယ်ဗျ။ စကစတွေဘက်က အသေအပျောက်တွေ များတယ်ဗျ။ ရှေ့ကသေ နောက်ကတန်းတက်နဲ့ အဲ့လိုမျိုးဖြစ်နေတယ်ဗျ သူတို့ဘက်က။ စဉ့်ကူးမြို့နယ် တောင်ခြမ်းကတော့ အကုန်လုံးနီးပါးပဲ စစ်ဘေးကိုရှောင်နေရတယ်။ ပြည်သူတွေကိုလည်း သူတို့ မထင်ရင်မထင်သလို ပစ်သတ်တာတွေ ရှိပါတယ်။ မတ္တရာမြို့နယ်မှာတော့ သူတို့ နောက်ချန်အင်အားတွေ စကျင်ရွာတို့၊ ရေနံသာရွာတို့ဘက်မှာတွေတော့ ချန်ထားတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်တွေ ဝင်လာရင် တုံ့ပြန်တိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကြိုတင်စီစဉ်ခဲ့တာဖြစ်တဲ့အတွက် တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ဘေးလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးတာ၊ လိုအပ်တဲ့အထောက်အပံ့တွေကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြပါတယ်။
သုတချမ်းသာ


