
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ အညာမြေတပ်ပေါင်းစုထံကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ဒီဇင်ဘာ ၂ ရက်မှာ ထပ်မံပူးပေါင်း ဝင်ရောက်လာတယ်လို့ အညာမြေတပ်ပေါင်းစုဆီကနေ သိရပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်တယောက်က “ပခုက္ကူခရိုင်အတွင်းမှာ အခြေစိုက်တဲ့ PDF တပ်ဖွဲ့ ၂ ဖွဲ့က ကျနော်တို့တပ်ပေါင်းစုဆီကို ထပ်မံလာရောက်ပူးပေါင်းကြတာပါ။ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်လို့ အခုလို ပူးပေါင်းလာကြတာကို ကြိုဆိုပါတယ်” လို့ ပြောပါတယ်။
အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းမှာ အခြေစိုက်ကြတဲ့ M.U.G.D.F၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ JAMESBOND၊ TSDNGF နဲ့ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့ ၅ ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက်မှာ မဟာမိတ်တွေအဖြစ် ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ကျနော်တို့ဆီကို ထပ်မံ လာရောက်ပူးပေါင်းကြတဲ့အဖွဲ့တွေက GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ ဖြစ်ပါတယ်။ အဲဒီ ၂ ဖွဲ့လုံးကလည်း ပခုက္ကူခရိုင်အတွင်းမှာ အခြေစိုက်ကြတာပါ။ အခုဆိုရင် ကျနော်တို့ရဲ့ အညာမြေတပ်ပေါင်းစုဟာ အဖွဲ့ ၇ ဖွဲ့စုပေါင်းပြီးတော့ စုစည်းကျစ်လျစ်မှုအပြည့်နဲ့ အပြန်အလှန် ထိန်းကျောင်းရင်း ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။
အခုလို ပေါင်းစပ်ရတဲ့ အဓိကအကြောင်းရင်းဟာ ပိုမိုထိရောက်တဲ့ မစ်ရှင်တွေ ဖော်ဆောင်နိုင်ဖို့၊ ရန်သူစစ်တပ်ကို ညီညီညွတ်ညွတ် တုံ့ပြန်နိုင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြား ပိုပြီးညီညွတ်စေဖို့အပြင် သဘောထားကွဲလွဲမှုတွေ ပျောက်ကင်းစေဖို့ ရည်ရွယ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အညာမြေတပ်ပေါင်းစု ၇ ဖွဲ့ဟာ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် တွန်းလှန်သွားကြမှာ ဖြစ်သလို စစ်ရေးအရှိန်တွေကို အရင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်သွားကြမယ်ဆိုတဲ့ အချက် ၆ ချက်ကိုလည်း ဒီဇင်ဘာ ၂ ရက်မှာ အတူပူးတွဲကြေညာထားပါတယ်။


