
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအနီး တိုက်ပွဲကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မုံလှကျေးရွာထဲမှာ ၄ ရက်အကြာ တပ်အထိုင်ချပြီး ပျဥ်ထောင်ပျူစောထီးရွာကို ထွက်လာတဲ့ ကန့်ဘလူက နည်းဗျူဟာ ၃၃၂၊ ခမရ ၁၁၁၊ ကန့်ဘလူ ပျူစောထီး စုစုပေါင်း ခန့်မှန်းအင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကြောင်းကို နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက မုံလှ-ပျဥ်ထောင်သွားရာလမ်းမှာ တော်လှန်ရေးတပ်က တိုက်ခိုက်တာလို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ အများအပြားသေပြီး စစ်ကြောင်းတကြောင်းလုံး တပ်ပျက်သလို အလောင်းတွေကိုထားပြီး မုံလှရွာထဲ ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကနေ စစ်ကောင်စီရဲ့ ငါးကြင်းမြီး တလက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်းတလက်၊ MA-3 ၃ လက်၊ MA-4 တလက်၊ G-3 ၄ လက်၊ MAS Sniper တလက်၊ M1- ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် ၁၊ ၂၊ ၃၊ ၄၊ ၅ ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခင်ဦးမြို့နယ်တို့ ပူးပေါင်း တိုက်ခိုက်တာလို့ သိရပါတယ်။


