
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နယ်သတ်ရွာအနီးမှာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက စတင်ကာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံး အများအပြား ရှိခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
နယ်သတ်ရွာသားတယောက်က “စစ်ကြောင်းက နိုဝင်ဘာ ၁၆ ရက်နေ့က စတင်ပြီး စက်မှု ၂ ကနေ ပေါက်မြို့နယ် ဖလန်ကိုင်း ရေနံမှော်ဘက်ကို ၂ ကြောင်းခွဲ ထွက်လာတယ်။ တကြောင်းကို အင်အား ၉၀ ခန့် ပါတယ်လို့လည်း သိထားရတယ်။ စစ်တပ်က လာတယ်ဆိုတော့ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်။ မနေ့ကတော့ ကျနော်တို့ရွာအနီးမှာ တိုက်ပွဲဖြစ်သေးတယ်။ စစ်တပ်ဘက်က အထိနာတယ်လို့လည်း သိထားရတယ်။ ကျနော်တို့ ဒေသခံတွေကတော့ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့အထိ ရွာထဲပြန်မဝင်ရဲသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ပေါက်မြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး အဆိုပါ ထိုးစစ်ဆင်တဲ့နေရာမှာ ပေါ်တာဆွဲလာတဲ့ ပြည်သူတွေနဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေကို ရှေ့တန်းက အသေခံ ထုတ်သုံးလာတယ်လို့လည်း သိရပါတယ်။
ကျားသစ်နက်တပ်မတော်အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဥက္ကာက “မနေ့က နယ်သတ်ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်ဗျ။ တိုက်ပွဲကတော့ မြိုင်မြို့ စက်မှု ၂ က ထွက်လာတဲ့ စစ်ကြောင်းနဲ့ကတော့ ထိတွေ့မှု တောက်လျှောက်ဖြစ်တာပဲ။ တိုက်ပွဲဖြစ်စဉ်တလျှောက်လုံး စစ်တပ်က စစ်မှုထမ်း ပေါ်တာဆွဲလာတဲ့သူတွေနဲ့ ပျူတွေကို ရှေ့တန်းက အသေခံခိုင်းတာကို တွေ့ရတယ်။ မိလိုက်ရင် သူတို့တတွေချည်းပဲ မိတယ်။ မနေ့က တိုက်ပွဲကတော့ ကိုယ့်ဘက်က ရဲဘော်တဦး ကျည်စထိမှန်ဒဏ်ရာ အနည်းငယ်ရတာ ရှိတယ်။ စခဘက်ကတော့ အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
ပေါက်မြို့နယ်အတွင်း စစ်တပ်က ရွှေဘုံသာဘက်က ထွက်လာတဲ့ စစ်ကြောင်းလည်းရှိပြီး အဆိုပါစစ်ကြောင်းဟာ ချိုင်စောက်ရွာကနေတဆင့် ဖလန်ကိုင်းဝန်းကျင်ကို စစ်ကြောင်းထိုးလာပြီး တပ်ရင်း စုပေါင်းစစ်ကြောင်း၊ ပကဖ စစ်ကြောင်း၊ MGY PDF စစ်ကြောင်းတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်း ၃ ကြောင်းဟာ နိုဝင်ဘာ ၂၄ ရက်မှာ ဖလန်ကိုင်းရေနံမှော် အနီးတဝိုက်မှာ စစ်ကြောင်း ၃ ကြောင်း ပေါင်းသွားတယ်လို့လည်း သိရပါတယ်။


