
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ စစ်သုံ့ပန်း ၈၃ ယောက် ထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က ၈ ယောက်ကို အသေမိခဲ့ကာ ၂ ယောက်ကို အရှင်ဖမ်းမိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကစပြီး အကျဉ်းထောင်ဖောက်ပြေးကြတဲ့ စစ်သုံ့ပန်းတွေကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ချိန် ၈ ယောက်က ပြန်လည်ခုခံတာကြောင့် အသေပစ်ခတ်ခဲ့ပြီး ၂ ယောက်ကို အရှင်ဖမ်းမိကာ လက်နက်ငယ် ၅ လက်နဲ့ ကျည်တချို့ကို သိမ်းဆည်းရမိပြီး ကျန်တဲ့သူတွေကတော့ ထိုင်းစစ်တပ်ဆီကို လက်နက်ချ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းသားတွေက ထောင်ဖောက်ပြေးဖို့အတွက် ၃ လ ကြိုပြင်ထားခဲ့ပြီး ၁၀ ယောက် တအုပ်စုအနေနဲ့ လှုပ်ရှားကာ ဖုန်းဆင်းကတ်တွေ ကြိုတင်ပြင်ဆင်တာ၊ ဆုံမှတ်နေရာတွေ ကြိုပြင်တာ၊ ထွက်ပြေးနေချိန် ပြန်လည်ခုခံဖို့ အစီအမံချထားတာ၊ စားနပ်ရိက္ခာတွေ ယူဆောင်တာတွေ ကြိုတင် အစီအစဉ် ဆွဲထားခဲ့တယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ထောင်ကင်းတွေကို ကျနော်တို့ လွယ်လွယ်ကူကူ မဖောက်နိုင်အောင် မလုပ်နိုင်ခဲ့ဘူး။ အဆောက်အအုံရဲ့ အခြေခံကလည်း အများကြီး ကြီးကြီးကျယ်ကျယ် မဆောက်နိုင်ခဲ့ဘူး။ လုံခြုံရေးအရလည်း စစ်ကောင်စီက ဗုံးကြဲရင် ထိခိုက်နိုင်တဲ့အတွက် ရှိတဲ့ သစ်လေးတွေနဲ့ ဆောက်လုပ်ရတဲ့အတွက် ဖောက်ပြေးရတာ လွယ်သလို ဖြစ်တာပေါ့နော်။ ပြန်လည်သုံးသပ်ရမှာက စစ်ကောင်စီတပ်ဘက်ကို မရောက်သွားသည့်တိုင် ထိုင်းနိုင်ငံထဲကို ရောက်သွားရင်လည်း ထိုင်းဥပဒေကြောင်းအရ တပ်ပိုင်းဆိုင်ရာကို ပြန်လွှဲပေးရမယ် ဆိုတာကို သိတော့သိထားတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ သတိမထားမိခဲ့ဘူးပေါ့နော်” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးဌာနဖွဲ့ပြီး ဌာနတွင်း စစ်ဆေးမှုပြုလုပ်တာ၊ ဖြစ်စဉ်အသေးစိတ်ကို အစီရင်ခံတာ၊ ထောင်အမှုထမ်း ၂ ယောက်ကို ပြစ်မှုဆိုင်ရာ တရားစွဲဆို အမှုဖွင့်တာ၊ ကျန်ရှိတဲ့ စစ်သုံ့ပန်း အပါအဝင် အကျဉ်းသားများဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းကြပ်မတ်တာတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် အကျဉ်းထောင် ဝန်ထမ်းအင်အား ဖြည့်တင်းရေး၊ လိုအပ်တဲ့ အဆောက်အအုံတွေ တည်ဆောက်ရေး၊ အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်အတွက် ပြည်သူလူထု စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်ကာ ပြည်သူလူထုရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အထူးအလေးထားပြီး လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ချမှတ် အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
IEC အနေနဲ့ ကရင်နီပြည်သူလူထု တရပ်လုံးနဲ့ တော်လှန်ရေးအင်အားစု တရပ်လုံးကို တောင်းပန်ကာ တာဝန်ယူ တာဝန်ခံမှုတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ခုလက်ရှိမှာတော့ ကျန်တဲ့ စစ်သုံ့ပန်း အယောက် ၇၀ ကျော် ထိုင်းနယ်စပ်ကတဆင့် စစ်ကောင်စီတပ်ဆီကို ပြန်လည်ရောက်ရှိသွားပြီလို့ သိရပါတယ်။


