
ကိုးကန့်တပ် MNDAA က ၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးဝင်းမြင့်နောင် အပါအဝင် အရာရှိ၊ စစ်သည် ၈၆ ယောက်ကို ဇန်နဝါရီ ၁၄ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ကြား နှစ်ဦးသဘောတူ ညှိနှိုင်း ဆွေးနွေးပြီးနောက် ဇန်နဝါရီ ၁၄ ရက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ဗိုလ်မှူး ၂ ယောက်ပါတယ်၊ ကျန်တာက အခြားအဆင့်တွေရယ်၊ ရဲတွေရယ် ပြန်လွှတ်ပေးတာ။ ထပရ ၆၂၆၊ ဝရတ ၁၊ စကခ ၁၊ စကခ ၁၄ နဲ့ အဆရ ၇ က လူတွေပါတယ်၊ အားလုံးပေါင်း ၈၆ ယောက်၊ အခု ရမခတိုင်းထဲရောက်နေပြီ၊ နယ်မြေခံတပ်ကို ပြန်ပို့တော့မယ်။ MNDAA က ဒီလမကုန်ခင် စစ်သုံ့ပန်း အရာရှိ၊ စစ်သည် ၂၀၀ ကျော် ထပ်လွှတ်ပေးဦးမှာ။”
ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဦးသဘောတူညီချက်အရ ဇန်နဝါရီ ၂၀ ရက်မှာ အရာရှိ၊ စစ်သည် ၂၁၇ ယောက် ထပ်မံလွှတ်ပေးမယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်ကလည်း ကိုးကန့်တပ် MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်း ဗိုလ်မှူး ၃ ယောက်နဲ့ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင် ၄၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာလည်း ကိုးကန့်တပ် MNDAA က စစ်သုံ့ပန်း အရာရှိ စစ်သည် ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ် MNDAA က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃,၀၀၀ ကျော်ရှိပြီး ၂၀၂၄ ခုနှစ် သြဂုတ် ၆ ရက်ကနေ ၁၁ ရက်အတွင်း စစ်သုံ့ပန်း ၁,၈၀၇ ယောက်ကို ၅ ကြိမ်ခွဲပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက လားရှိုးမြို့အခြေစိုက် ရမခတိုင်းစစ်ဌာနချုပ်ကို သိမ်းယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ တရုတ်ရဲ့ ဖိအားကြောင့် စစ်ကောင်စီတပ်ကို ပြန်ပေးခဲ့ရပါတယ်။


