Home
မြန်မာသတင်း
နမ့်အွမ်ရွာတွင် နွားခြံများ ဖျက်ဆီးသည့်ကိစ္စ MNDAA နှင့် ဒေသခံများ ပြဿနာဖြစ်ပွား
DVB
·
January 6, 2026
Photo: ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာမှာ MNDAA တပ်ဖွဲ့ဝင်တွေက အထက်အမိန့်မရှိဘဲ ဇန်နဝါရီ ၄ ရက် မနက်မှာ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ နွားခြံတွေကို ဖျက်ဆီးကာ အိမ်မြေကွက်ရိုက် အကွက်ချပေးလာတာကြောင့် ဒေသခံတွေနဲ့ ပြဿနာဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ကိုးကန့် စစ်သားတွေကို အစောင့်ချထားပြီး သူတို့ တပ်စခန်းက လူတွေကိုပဲ နွားခြံ အကုန်လုံးကို ဖျက်ခိုင်းလိုက်တာ” လို့ ပြောပါတယ်။

နမ့်အွမ်ရွာထိပ်၊ စက်သုံးဆီဆိုင် နောက်ကျောဘက်ရှိ ဒေသခံတွေရဲ့ နွားခြံတွေကို ကိုးကန့် (MNDAA) တပ်ဖွဲ့က အစောင့်ချထားပြီး ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်း ၆ နာရီမှ ၇ နာရီခန့်အတွင်း ဖြိုဖျက်ခိုင်းခဲ့တာလို့ ဆိုပါတယ်။

မြေကွက်တကွက်ကို ငွေကျပ် ၅ သိန်းခန့်နဲ့ ရောင်းချနေကြောင်းလည်း ဒေသခံတွေအကြား သတင်းထွက်ပေါ်နေပြီး အိမ် ၁၀ အိမ်ကျော် ဆောက်လုပ်နေထိုင်လာကြပြီလို့ ဆိုပါတယ်။

နွားခြံ ဖျက်လိုက်ပြီး ဘယ်ကပြောင်းလာမှန်း မသိတဲ့ လူသစ်တွေကို နေရာချပေးနေတာကြောင့် ဒေသခံတွေက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ကတည်းက MNDAA တပ်စခန်းကို သွားပြောကြတယ်လို့ ဒေသခံ လူငယ်တယောက်က ပြောပါတယ်။

“နွားခြံနားမှာ ရှိတဲ့ MNDAA တပ်ဖွဲ့တွေက သူတို့ အထက်က လုပ်ခိုင်းတယ်လို့ ပြောတယ်။ အထက်က လူကြီးတွေကို ခေါ်ပေးဖို့ပြောတော့ အထက်က လူကြီးပိုင်းတွေ ဖုန်းဆက်လာတာ ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်က ညွှန်ကြားထားတာ ဘာမှ မရှိထားဘူး ပြောတယ်။ ရွာထဲက တရုတ်တွေပဲ လုပ်တာထင်တယ်။ နှစ်ယောက် လုပ်တာလို့ ပြောတယ်။” 

ယခင်က ကချင်လွတ်လပ်ရေးတပ် (KIA) က MNDAA တပ်ဖွဲ့ကို ယာယီတပ်စခန်းထားဖို့ ခဏခွင့်ပြုထားတာ ဖြစ်ပေမဲ့ အခုနောက်ပိုင်း MNDAA တပ်ဖွဲ့ရဲ့ ယာယီ တပ်စခန်းပတ်ဝန်းကျင်ကို အကွက်ရိုက်ကာ တခြားဒေသခံ တရုတ်တွေကို မြေကွက်ရိုက် နေရာချပေးလာတာလို့ သူက ပြောပါတယ်။

နွားခြံဖျက်ဆီးမှုနဲ့ မြေကွက်ရိုက် ရောင်းချမှုကို မလိုလားလို့ ဒေသခံတွေက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်း MNDAA ကို ယာယီပေးထားတဲ့ တပ်ဝင်းအတွင်း ဆွေးနွေးဖို့ ဝင်ရောက်လာချိန် MNDAA တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအထိ ဒေသခံတွေက ကိုယ်ပိုင်ခြံမြေ၊ နွားခြံတွေကို မဖျက်ဆီးဖို့နဲ့ အကွက်ရိုက် အိမ်ဆောက်လုပ်နေမှုတွေကို  ရပ်တန့်ကာ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုနေကြပြီး နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းမှုတွေ မပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုးကန့်တပ် MNDAA ကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ မရသေးပါဘူး။

နမ့်အွမ်ရွာမှာတော့ KIA တပ်ဖွဲ့က အဓိက အုပ်ချုပ်နေတဲ့နေရာဖြစ်ကာ အဲဒီနွားခြံအနီးမှာ MNDAA တပ်ဖွဲ့က ယာယီတပ်စခန်းချထားဖို့ KIA တွေဆီမှာ လာတောင်းတာကြောင့် ခဏ ပေးနေထားတာ ဖြစ်ပြီး နွားခြံနေရာကတော့ ခေတ်အဆက်ဆက် နမ့်အွမ်ဒေသခံတွေ နွားခြံလုပ်တဲ့ နေရာဖြစ်ပြီး လက်ရှိအထိ နွားရှိတဲ့ ဒေသခံတွေက နွားတွေ လှောင်ထားနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013