
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်က MNDAA ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့ကို ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီက မဲရုံတွေ သတ်မှတ်ဖို့ လုပ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လားရှိုးနဲ့ မိုင်းရယ်ကြားက နမ့်ပေါင်၊ မန်ပျဉ်နဲ့ နမ္မဗောဒရွာတွေမှာရှိတဲ့ စာသင်ကျောင်းခန်းတွေကို ရွေးကောက်ပွဲအတွက် မဲရုံခန်းသတ်မှတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ MMDAA တပ်ဖွဲ့တွေ ခြံရံပြီး သွားရောက်ခဲ့တာရှိတယ်” လို့ ပြောပါတယ်။
လာမဲ့ဒီဇင်ဘာ ၂၇ ရက်ကစ အဲဒီစာသင်ကျောင်းတွေရဲ့ လုံခြုံရေးနဲ့ ဒေသခံ မဲပေးသူတွေရဲ့ လုံခြုံရေးကို MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးယူဖို့ စီမံထားတယ်ဆိုပြီး ကြားတယ်လို့ သူက ပြောပါတယ်။
“ပူးတွဲလုံခြုံရေးယူမယ် ထင်တယ်။ ဟိုယနဲ့ မယ်ဟန်တော့ မသိရသေးဘူး။ ဒါပေမဲ့ ရောက်မယ်နေမှာပါ။ ဒေသခံတွေတော့ စိတ်ဝင်စားမှု မရှိပါဘူး။”
လက်ရှိမှာတော့ MNDAA တပ်ဖွဲ့ဘက်က တပ်ဆုတ်ထားတာ မရှိသလို နယ်မြေတိုင်း၊ အခွန်ကောက်တာတွေ ပုံမှန်အတိုင်း ရှိနေဆဲပဲလို့ ဒေသခံက ပြောပါတယ်။
တော်လှန်ရေးနဲ့နီးစပ်သူ တယောက်က “လားရှိုးနဲ့ သီပေါကြား သီပေါနားအထိ မဲဆွဲစည်းရုံးတာတွေလုပ်လို့ MNDAA နဲ့ ပြဿနာဖြစ်သေးတယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။
လားရှိုးမြို့နယ်အတွင်းရှိ လားရှိုး - မိုင်းရယ်ကြားက ခါးသျှိ၊ မန်ပျဉ်၊ နမ့်ပေါင်၊ နမ္မဗောဒနဲ့ သီပေါနဲ့ လားရှိုးကြားက ဟူးမွန်၊ မယ်ဟန်၊ နောင်ဖော့၊ ခေးနင်း၊ နောင်မွန်၊ ပုန်းထွန်၊ စင့်အင် စတဲ့ ကျေးရွာ အုပ်စုတွေမှာ ရွေးကောက်ပွဲမလုပ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲဒီကျေးရွာအုပ်စုတွေက လားရှိုး-သီပေါ နဲ့ လားရှိုး-မိုင်းရယ် ကားလမ်းမကြီးဘေးတလျှောက်က ကျေးရွာအုပ်စုတွေ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လားရှိုးခရိုင် ပြန်ကြားရေးဌာနကတော့ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခု နဲ့ ဟူးမွန်ကျေးရွာ အုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး မဲဆန္ဒရှင် ၁၀၇,၀၀၀ ကျော်ရှိကာ စုစုပေါင်း မဲရုံ ၆၆ ရုံ ထားရှိမှာ ဖြစ်ကြောင်း သတင်းထုတ်ထားပါတယ်။


