
နေပြည်တော်မှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်းကြောင်းနဲ့ သားဖြစ်သူပြောဆိုချက်ဟာ သတင်းအမှားသာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သက်သေမပြနိုင်ဘဲ ထုတ်ပြန်လိုက်ကြေညာလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သူ့အမေ အသက်ရှင်နေမှု အပေါ်မှာ မသေချာတော့ကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ် အဲရစ်က ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီပြောဆိုချက်ဟာ သတင်းအမှားသာဖြစ်ပြီး ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်ဝေနေတာပါလို့ စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ တုံ့ပြန် ပြောဆိုပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီး စစ်တပ်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲကို နှောင့် ယှက်လိုတဲ့အတွက် အချိန်ကိုက်လုပ်ကြံဖြန်ဝေနေတာပါလို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က တိုကျိုမြို့မှာပြုလုပ်တဲ့ ရိုက်တာနဲ့ အင်တာဗျူးမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်တွေ မရရှိနိုင်တာကြောင့် သားဖြစ်သူ ကင်မ် အဲရစ်စ်က သူ့အမေ အသက်ရှင်နေမှုအပေါ်မှာ မသေချာတော့ကြောင်းနဲ့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချက်ချင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိမ်းသိမ်းကာ အပြစ်မှုအမျိုးမျိုးတပ်ပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှု စတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားတယောက်ရဲ့ အခွင့်ရေးဖြစ်တဲ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ ခွင့်မရသလို သူ့ရဲ့ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရပြီး ဘယ်နေရာမှာ အကျဉ်းချခံထားရတယ်ဆိုတာတောင် သားဖြစ်သူအနေနဲ့ သိရှိခွင့် မရဖြစ်နေပါတယ်။
ကေခိုင်


