
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းတနေရာမှာ နွားကျောင်းနေတဲ့အမျိုးသမီး တယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိသူကို ဖမ်းမိထားပြီလို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ဒုတိယရဲချုပ် ၂ ကိုဘိုဘိုက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
အသက် ၄၀ ကျော် အမျိုးသမီးတယောက်ဟာ နွားကျောင်းနေရင်းကနေ ဇန်နဝါရီ ၁၂ ရက် နေ့လယ်မှာ ဖုန်းတကြိမ်ခေါ်ဆိုပြီး ပျောက်ဆုံးသွားကာ ၁၄ ရက်မှာတော့ လည်ပင်း၊ ဝမ်းဗိုက်၊ လက်နေရာတို့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
KSP ဒုတိယရဲချုပ် ၂ ကိုဘိုဘိုက “သံသယရှိတဲ့ တရားခံကိုလည်း ဖမ်းဆီးထားပါတယ်ဗျ၊ အမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ ချုပ်မိန့် ရမန်တောင်းပြီး အသေးစိတ် ဆက်လက် စစ်ဆေးဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။
အသတ်ခံရသူလွယ်ထားတဲ့ ပလိုင်းကို အခင်းဖြစ်တဲ့နေရာမှာပဲတွေ့ရှိပြီး ဖုန်းကတော့ ပျောက်ဆုံးနေကာ သံသယရှိသူက ဒီးမော့ဆိုအနောက်ခြမ်းမှာ ဖုန်းလိုက်ရောင်းရာကနေ စုံစမ်းသိရှိရပြီး လိုက်လံရှာဖွေဖမ်းဆီးမိတယ်လို့ ပြောပါတယ်။
အခု လူသတ်မှုနဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲတပ်ဖွဲ့၊ အမှတ် (၁) ရဲစခန်းမှာ (ပ)၁/၂၀၂၆ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ KSP ဒုတိယရဲချုပ်က ပြောပါတယ်။
ကရင်နီပြည်ရဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ရာနေရာမှာ အမှုအခင်းတွေ ဖြစ်ပွားနေတာကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို သေချာအရေးယူပေးဖို့ လူထုက ပြောဆိုနေတာတွေလည်း ရှိပါတယ်။


