
ကရင်နီပြည်နယ်မှာ ရေပြတ်လပ်မှုတွေ စကြုံလာနေရပြီး သုံးရေသောက်ရေသန့် မရတဲ့အတွက် စစ်ရှောင်စခန်းတချို့က ကလေးတွေနဲ့ အမျိုးသမီးတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ယားနာဝေဒနာတွေ ခံစားနေရပါတယ်။
ကရင်နီပြည်နယ်မှာ ပုံမှန်ဆိုရင် ဖေဖော်ဝါရီလမှာ ရေရှားပါးတဲ့ဒဏ်ကို ခံကြရတာပါ။ ဒါပေမဲ့ ဒီနှစ်တော့ ဇန်နဝါရီလဆန်းကတည်းက ကရင်နီပြည်နယ် ဒီးမော့ဆိုနားတဝိုက်က စစ်ရှောင်စခန်းတွေမှာ ရေပြတ်လပ်မှုတွေ စကြုံလာနေရပါတယ်။
သွားလာရခက်ခဲတဲ့ စစ်ရှောင်စခန်းတွေမှာတော့ သောက်သုံးရေသန့် မရတော့တဲ့အတွက် ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ခံစားနေရပြီး အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာတော့ ယားနာဝေဒနာတွေ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေက DVB ကို ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးတယောက်က “လူဦးရေထူထပ်တဲ့ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေမှာလည်း ဖြစ်တယ်။ ဘာလို့လဲ၊ ကလေးတွေက ကျောင်းမှာနေရတော့ တယောက်ဖြစ်ပြီဆို အရေပြားရောဂါတွေ ကူးစက်တာပေါ့။ လူဦးရေ ထူထပ်တာလည်း ပါတယ်။ သောက်သုံးရေကလည်း အကုန်လုံးပေါင်းပြီးမှ သောက်သုံးနေရတော့ မသန့်တဲ့ရေတွေ အကုန်လုံး ရောတော့လေ၊ ကလေးတယောက် ကူးတော့လည်း အချင်းချင်း နီးကပ်နေတော့ နောက်တယောက်ဆီ ကူးသွားတာမျိုးတွေတော့ တွေ့ရတာပေါ့” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်ဟာ ဖေဖော်ဝါရီကနေ မိုးရာသီမရောက်ခင်ထိ ရေပြတ်လပ်တဲ့ဒဏ်ကို နှစ်စဉ် ကြုံနေကျဖြစ်ပြီး အဲဒီကာလတွေမှာ အလှူရှင်တွေလှူတဲ့ ရေကားတွေကိုပဲ အားထားရပါတယ်။
သွားလာရခက်ခဲပြီး အခုလို ရေပြတ်တဲ့ကာလမှာ နှစ်လတကြိမ်လောက်ပဲ ရေကားရောက်တဲ့ စစ်ရှောင်ဦးရေ ၃၀၀ ဝန်းကျင်ရှိ စစ်ရှောင်စခန်းတခုမှာ သုံးရေမသန့်တဲ့အတွက် အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ ယားနာဝေဒနာတွေ ခံစားနေရတယ်လို့ ကိုယ်တိုင်ခံစားနေရတဲ့ အသက် ၂၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတယောက်က ဆိုပါတယ်။
“အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေ ခံစားရတာ ပိုများတယ်။ အဲဒါက ရေကောင်းရေသန့် မရတာရယ် ရေရှားတာကြောင့်လည်း ပါတယ်။ အဲဒါကြောင့် အရွယ်ရောက်ပြီးသား မိန်းကလေးတွေ ဘယ်လိုပြောရမလဲ အမျိုးသမီး ရာသီလာတဲ့ဟာမျိုးဆို ပိုပြီးတော့ ဆိုးတယ်။ များသောအားဖြင့် အဲလိုခံစားနေရတာ အမျိုးသမီးတွေ မိန်းမကိုယ် ယားတဲ့ဟာကို ပိုပြီး ဖြစ်နေတယ်။ ဒီအနီးနားမှာ ဆေးခန်းသေးသေးလေးတွေ ထောင်ပေးထားတာ ရှိပေမဲ့ ဆေးက အလုံအလောက် မရှိတာရယ်၊ ဆေးက အမျိုးအမည် မစုံတာရယ်၊ အနာတခြား ဆေးတခြား ဖြစ်နေတာ ပိုများတယ်။”
အခုလို ရေပြတ်တဲ့ကာလတွေမှာ ကြုံရတဲ့ ဝေဒနာတွေကို စစ်ရှောင်တွေကတော့ ဆေးမြီတိုနဲ့ပဲ ဖြေရှင်းကြရပါတယ်။
ကရင်နီပြည်နယ်ထဲမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကိုယ်ထူကိုယ်ထ ရေသွားလှူတာတွေ ရှိပေမဲ့ ကားငှားတဲ့ဈေးနဲ့ ဓာတ်ဆီဈေးတွေကြောင့် ဝေးလံပြီး သွားလာရခက်တဲ့ စစ်ရှောင်စခန်းတွေကို ရောက်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်ကူညီနေသူတယောက်က “အဓိကက ဆီဈေးနဲ့ ဆိုင်တာဗျ။ ဆီဈေး အနည်းဆုံး ပျမ်းမျှဆိုရင် တစီး ၅၀,၀၀၀ ဝန်းကျင်ရှိတယ်၊ လေးသောင်းခွဲရှိတယ်၊ သူက အကြီးအသေးပေါ် မူတည်တာပေါ့။ ၈ သောင်းခွဲ တသိန်းထိရှိတယ်၊ ဝေးရင်ဝေးသလို ကားကြီးတွေကျတော့။ ရေရှားတာက ဘာလို့လဲဆို ဒီဘက်က ရေမထွက်ဘူး။ ရေထွက်တွေကိုပဲ အားကိုးနေရတာပေါ့။ အားကိုးနေရတော့ ရေက ပြောမယ်ဆိုရင် ဒီအပေါ်မှာက ဘယ်လိုမှ တူးလို့လည်းမရဘူး။ ဒါက ကြာပြီ။ ဟိုးအရင်ခေတ်ကတည်းကဆိုတော့ တူးလိုက်ရင် ဒီဘက်မှာ ကျောက်ဖျာတွေများတယ်။ တူးလို့မရဘူး။ ရေထွက်တွေကိုပဲ အားကိုးနေရတယ်ဆိုတော့။ သူက အရင်တုန်းကဆို ဒီဘက်မှာ ရေလှောင်ကန်ကြီးတွေ ရှိတယ်။ အကြီးကြီးတွေလုပ်ထားတယ်။ အဲ့ရေတွေ ကုန်သွားပြီဆိုရင်တော့ သူတို့ ရေရှားပြီလို့ ပြောလို့ရတာပေါ့” လို့ ပြောပါတယ်။
နှစ်စဉ် ရေရှားမှုဒဏ်ကို ကြုံနေရတဲ့ စစ်ရှောင်တွေဟာ မိုးတွင်းမှာ သောက်သုံးရေအတွက် မိုးရေတွေကို သိုလှောင်ထားပေမဲ့ ရေရှည်ထိန်းသိမ်းဖို့အတွက် ပစ္စည်းလိုအပ်ချက်တွေကြောင့် ရေတွေကို ကြာရှည်ထိန်းသိမ်းဖို့ အခက်အခဲတွေပါ ထပ်ရှိနေတာပါ။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ၂၀၂၅ ခုနှစ်အထိ ကောက်ယူထားတဲ့ စာရင်းအရဆိုရင် ကရင်နီပြည်နယ်မှာ စစ်ရှောင်ဦးရေ ၂ သိန်းခွဲဝန်းကျင်နဲ့ စစ်ရှောင်စခန်းပေါင်း ၄၅၀ ဝန်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။
မောရစ်


