
စစ်တပ်က ပြည်သူနဲ့ စစ်ရှောင်တွေရဲ့ ဝင်ငွေရမယ့်လမ်းကြောင်းတွေနဲ့ စိုက်ပျိုးသီးနှံခင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကရင်နီပြည်နယ်မှာ အငတ်ဘေးနဲ့ ကြုံတွေ့ဖို့ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က သတိပေးထားပါတယ်။
ကရင်နီပြည်၊ နန်းမယ်ခုံ စစ်ရှောင်စခန်း တာဝန်ခံက သူတို့စစ်ရှောင်တွေ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့ DVB ကို ပြောပါတယ်။
“တချို့စစ်ရှောင်စခန်းတွေမှာ ဆန်မရှိတော့ဘူး၊ ဆီမရှိတော့ဘူး။ သူတို့ ဘယ်လိုဖြေရှင်းကြလဲဆိုတော့ အချင်းချင်း ကူညီပေါ့နော်၊ ဟိုဘက်အိမ် နည်းနည်းရှိရင် ဒီဘက်အိမ် မျှဝေဆိုတဲ့ဟာမျိုးတော့ တွေ့နေရတာပေါ့။ စပါးရိတ်သိမ်းတဲ့အချိန် ရောက်တော့လည်း ဒရုန်းတွေနဲ့ ပတ်နေကြတာ အသက်တော့ ရင်းရမှာပဲလေ။ ပြီးတော့ မိုင်း၊ ဒီ နန်းမယ်ခုံတကြောဆိုတာ အရင်တုန်းက မိုင်းတွေထောင်ထားတဲ့နေရာတွေ ရှိတယ်။”
စစ်ရှောင်စခန်း အများစုမှာ ဆန်နဲ့ ဆီလို အခြေခံစားသောက်ကုန်တွေ ပြတ်လပ်တာကို ရင်ဆိုင်နေရတာ ၃ လကျော်နေပြီလို့ သူကဆိုပါတယ်။
သွားလာရမခက်တဲ့ စစ်ရှောင်စခန်းတွေကို စစ်ရှောင်အရေးကူညီတဲ့ အဖွဲ့တွေက ကူညီနိုင်ပေမဲ့ သွားလာရခက်တဲ့နေရာက စစ်ရှောင်စခန်းတွေကတော့ အကူအညီ သိပ်မရပါဘူး။
ဒီလိုအခြေအနေမှာ စစ်တပ်နဲ့တွေ့ရင် ပစ်ခတ်ခံရမဲ့ အန္တရာယ်နဲ့ မြေမြှုပ်မိုင်းအန္တရာယ် စတဲ့ အသက်အန္တရာယ်တွေကြားမှာပဲ စစ်ရှောင်တွေဟာ တဝမ်းတခါးအတွက် စွန့်စားပြီး တောင်ယာစိုက်ပျိုးနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က နန်းမယ်ခုံဘက်ကနေ ခြံမြေဥယျာဉ်ရှင်းပြီး ပြန်လာတဲ့ အရပ်သား နှစ်ယောက်ကို စစ်တပ်က သေနတ်နဲ့လိုက်ပစ်လို့ ထွက်ပြေးနေတဲ့အချိန် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။
ဒီလို အန္တရာယ်တွေက ကရင်နီက စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာ အခက်အခဲကို ပိုခက်ခဲစေပါတယ်။
အဲဒီအပြင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်တပ်ရဲ့ ထိုးစစ်တွေဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်မှု ပိုမြင့်တက်လာစေပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပိုခက်ခဲလာနေတယ်လို့ KnHRG က ဆိုထားပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း လာမယ့် ဇူလိုင်လအထိ ကရင်နီပြည်နယ်မှာ စားနပ်ရိက္ခာ မလုံလောက်မှုက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ရေးအရ စစ်ရှောင်အရေအတွက်ဟာ ပိုပိုတိုးလာနေပြီး စိုက်ပျိုးနိုင်တဲ့ ဧကပမာဏက ကျဆင်းလာနေတဲ့အတွက် စစ်ရှောင်တွေဟာ ပုံမှန်လုပ်ကိုင်စားသောက်နေရတဲ့ အခြေအနေကနေ ဝေးကွာလာနေတာလို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
“ဒီ ၂၀၂၆ ခုနှစ်မှာ ကျနော်တို့ အထူးသဖြင့် ဒီလေးငါးခြောက်လပိုင်းမှာပေါ့၊ ကျနော်တို့ နှစ်လ သုံးလ နောက်ပိုင်းမှာ ဇွန်၊ ဇူလိုင်အထိကတော့ အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေတခုလို့ ကျနော်တို့ မှတ်ချက်ပြုထားပါတယ်။ အဲ့အပေါ်မှာ ရှိသမျှ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်စေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဒီထက်ရနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားနေတဲ့အပိုင်းတွေ ရှိပါတယ်။”
လူဦးရေ ၃ သိန်းကျော်ရှိတဲ့ ကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂ သိန်းကျော်ရှိနေပြီး စစ်ရှောင်အများစုဟာ အလှူရှင်အဖွဲ့အစည်းတွေအပေါ် အများဆုံး မှီခိုနေရတာပါ။
ဒီလိုအခြေအနေတွေမှာ လတ်တလော စစ်ရှောင်တွေ စပါးပြန်ရိတ်နိုင်ဖို့အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တချို့စိုက်ခင်းတွေမှာ လုံခြုံရေး လိုက်ယူပေးနေရပါတယ်။
KNDF တာဝန်ရှိသူတယောက်က “ဥပမာ ဒီဖရူဆိုဘက်အခြမ်းဆိုရင် ကျနော်တို့ လုံခြုံရေး ယူပေးရတယ်။ နောက် Jammer တွေ ပြန်ထောင်ပေးရတယ်။ ရိတ်သိမ်းဖို့အတွက် အဲမှာ သူတို့ (စစ်တပ်) ဒရုန်းတွေနဲ့ လာကြဲတာတွေရှိတယ်” လို့ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စစ်တမ်းအရဆိုရင် မြန်မာ့လူဦးရေရဲ့ သုံးပုံတပုံဟာ ၂၀၂၄ ခုနှစ်ထဲက စားနပ်ရိက္ခာအကျပ်တည်းကို ရင်ဆိုင်နေရတယ်လို့ ဆိုထားပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ၂၀၂၆ ခုနှစ်မှာ မြန်မာလူဦးရေရဲ့ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှု အရေးပေါ်အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
မောရစ်


