
ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ကရင်နီပြည်နယ်ရှိ မြို့နယ်တွေမှာ ရပ်ကွက် ၆ ခုနဲ့ ကျေးရွာအုပ်စု ၄၅ ခုမှာ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်မှာ မြို့နယ် ၇ ခုရှိတဲ့အထဲ တော်လှန်ရေးတပ်ပေါင်းစုက အပြည့်အဝထိန်းချုပ်ထားတဲ့ ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတောစတဲ့ မြို့နယ် ၃ ခုမှာ စစ်တပ်က ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။
ကျန်တဲ့ မြို့နယ် ၄ ခုဖြစ်တဲ့ မြို့တော်လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မှာဖြစ်ပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာတော့ အပိုင်း ၂ လုပ်မယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်မဲ့ လွိုင်ကော်မြို့ထဲမှာ လက်ရှိ လုံခြုံရေးတင်းကျပ်ထားပြီး ကြိုတင်မဲတွေအတွက် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာနဲ့ ရပ်ကွက်အုပ်ချုပ်ရးမှုးတွေက တအိမ်တက်တအိမ်ဆင်းစနစ်နဲ့ မဲစာရင်းလိုက်စစ်ခိုင်းတာမျိုး လုပ်နေတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။
UEC က ထုတ်ပြန်တဲ့ထဲမှာ လွိုင်ကော်က ပါလောင်းကျေးရွာအုပ်စုနဲ့ တီးလုံကျေးရွာအုပ်စုကလွဲရင် ကျန်တဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေက နေရပ်စွန့်ခွာနေကြတဲ့ စစ်ရှောင်တွေကို ရွေးကောက်ပွဲအမီ ပြန်လာကြဖို့နဲ့ ပြန်လာတဲ့သူတွေကို ဆန်စပါးထောက်ပံ့ပေးမယ်ဆိုပြီး စစ်တပ်က မဲဆွယ်နေတယ်လို့ လွိုင်ကော်မြိုခံတယောက်က ပြောပါတယ်။
“အခုဒီ ဒီးမော့ဆိုတကြောတို့၊ လွိုင်ကော်မှာတို့ဆိုရင် စစ်ကောင်စီက သူတို့ကို ဘယ်လိုမျိုးလဲဆို နည်းနည်းပါးပါး ထောက်ပံ့ပြတာပေါ့။ ဒါက လူထုကိုဆွဲခေါ်တာ၊ ဒါပေမဲ့ သူတို့ထောက်ပံ့တဲ့ ဆန်စပါးတို့ဆိုတာ လူထုစိုက်ထားတဲ့ဟာကို တခါပြေးပြီးတော့ ရိတ်သိမ်းခိုး၊ သူတို့ပဲ ပြန်ခိုး သူတို့ပဲ လူထုကို ထောက်ပံ့ပြတဲ့ ပုံစံမျိုးပဲလေ။”
ရွေးကောက်ပွဲအပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဘောလခဲက စစ်တပ်ဗျူဟာ ချုပ်ကိုင်ထားတဲ့မြို့ပါ။
မြို့ထဲမှာ ခမရ ၄၂၉၊ ၄၃၀ နဲ့ ခလရ ၃၃၇ တပ်တွေ ကျန်နေသေးပြီး ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂ လက်အောက်ခံတပ်ရင်းတချို့ကို အားဖြည့်ထားပါတယ်။
UEC ရဲ့ ထုတ်ပြန်ချက်မှာလည်း ဘောလခဲမြို့ထဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာရှိတဲ့ နေရာကလွဲလို့ ကျန်တဲ့ ကျေးရွာအုပ်စု ၁၀ စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ အဲဒီအရေအတွက်ဟာ ဘောလခဲမြို့နယ်ထဲက ကျေးရွာ စုစုပေါင်းရဲ့ သုံးပုံတပုံရှိပါတယ်။
လတ်တလောမှာတော့ ဘောလခဲမြို့နယ်ကို ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ် တောက်ထားပြီး မြို့ထဲမှာ စစ်တပ်က မဲဆွယ်စည်းရုံးရေးဆင်းနေတယ်လို့ ဘောလခဲမြို့ခံတ ယောက်က DVB ကို အတည်ပြုပြောပါတယ်။
“အဲတော့ ရဟတ်ယာဥ်တွေ ဘာတွေဆင်းတယ်။ ကြိုးကြားကြိုးကြား ဆင်းလာတယ်ဆိုတာက သူတို့တပ် အသုံးအဆောင်ပစ္စည်းတွေပါမယ်။ ပြီးတော့ ရိက္ခာလည်း ပါမယ်ထင်တယ်။ ကြားထဲမှာတော့ သူတို့ စည်းရုံးရေးအနေနဲ့ ရွာသားတွေကို စားသောက်ကုန်တွေကို ဈေးချရောင်းပေးတာတို့၊ ပြီးတော့ တပတ်တကြိမ် နှစ်ကြိမ်ကို လိုင်းတွေ ဖွင့်ပေးတာတို့၊ ပြီးတော့ လိုင်းဖွင့်ပေးပြီးတော့ သက်ဆိုင်ရာ မိသားစုပြန်ဝင်လာဖို့ အဲလိုမျိုး စည်းရုံးရေး ဝင်တာတို့ရှိတာပေါ့။”
၂၀၂၆ ဇန်နဝါရီ ၁၁ ရက် ကျင်းပမဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါနေတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုဘက်တွေမှာလည်း စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ နေ့စဥ် ဖြစ်နေပါတယ်။
ကရင်နီပြည်နယ်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၄ ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်နေရာအတွက် ၃၂ ယောက်၊ ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၅ ယောက် စုစုပေါင်း ၈၇ ယောက်က ပါတီအသီးသီးနဲ့ တသီးပုဂ္ဂကိုယ်စားလှယ်တွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မောရစ်


