Home
မြန်မာသတင်း
စစ်ကောင်စီ ရွေးကောက်ပွဲက မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု နော်ဝေ ကြေညာ
DVB
·
December 11, 2025
Photo :Reuters

အာဏာသိမ်း စစ်တပ်ကျင်းပမဲ့  ရွေးကောက်ပွဲက မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခြေခံကျတဲ့ စိန်ခေါ်မှုပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုနဲ့ လူ့အခွင့်အရေးကို လေးစားမှုတွေ မရှိရင် ရေရှည်မှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အန်ဒရီယာစ် ကရာဗစ်ခ်က ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအားလုံးကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဒါက မဲဆန္ဒရှင်တွေ၊ မဲရုံဝန်ထမ်းတွေနဲ့ နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေကို ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ လုပ်ကိုင်ခွင့်ပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်တပ်အပါအဝင် သက်ဆိုင်သူအားလုံးအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီစနစ်နဲ့ အားလုံးပါဝင်တဲ့ အနာဂတ်ရရှိရေး စစ်မှန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်ကြဖို့လည်း တိုက်တွန်းလိုက်တာပါ။

မြန်မာစစ်ကောင်စီကတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီးတော့ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားပြီး ပြည်ပနိုင်ငံတွေက ကြိုတင်မဲပေးမှုတွေကို ဟောင်ကောင်၊ စင်ကာပူ၊ ချင်းမိုင်နဲ့ ဘန်ကောက် စတဲ့ နေရာတွေက မြန်မာသံရုံးတွေမှာ စတင်ပြုလုပ်နေပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူတွေဟာ ကာလ ရှည်ကြာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတို့ကို ရင်ဆိုင်နေရတယ်လို့ဖော်ပြလိုက်ပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်နီးပါးကာလ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် သန်းပေါင်းများစွာသော ဒေသခံ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရတာ၊ အသက်ကယ်ကူညီရေးထောက် ပံ့မှု ဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ အတားအဆီးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြား စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နော်ဝေနိုင်ငံအနေနဲ့  အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တို့နဲ့အညီ ပဋိပက္ခမှာ ပါဝင်သူအားလုံးကို အ ခြေခံလူ့အခွင့်အရေးတွေကို လေးစားဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်းနဲ့ ဒါတွေက အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေနဲ့ တခြားလူ နည်းစုတွေအပါအဝင် အားလုံးရဲ့အသံကိုကြားနိုင်မဲ့ နိုင်ငံရေးမျက်နှာစာတခု ဖန်တီးရာမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ ပြောလိုက်တာပါ။

လတ်တလောမှာတော့ စစ်တပ်က တဖက်သတ်ကျင်းပမဲ့ ရွေးကောက်ပွဲကို တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မြန်မာနိုင် အနှံ့အပြားမှာ အသံတိတ်သပိတ်ဆင်နွှဲပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” က မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကလည်း ဒီရွေးကောက်ပွဲက  နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိစေမဲ့အစား ဖိနှိပ်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013