
အာဏာသိမ်း စစ်တပ်ရဲ့ နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေကြားထဲက အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းပြတဲ့ အသံတိတ်သပိတ်ကို မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် တောရွာတွေပါမကျန် နိုင်ငံအနှံ့အပြားက ပြည်သူလူထုတွေက ပူးပေါင်းပါဝင်ခဲ့ကြပြီး အသံတိတ်သပိတ်အောင်မြင်တဲ့အကြောင်း တော်လှန်ရေးအင်အားစုက ပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ၅ ကြိမ်မြောက် အသံတိတ်သပိတ်လှုပ်ရှားမှု Silent Strike မှာ မပါဝင်ဖို့ စစ်ကောင်စီတပ်က ဖိအားပေးနေတဲ့ ကြားထဲကပဲ နိုင်ငံတဝန်းက ပြည်သူလူထုက ပူးပေါင်းပါဝင်ခဲ့ကြတာပါ၊
ရန်ကုန်မှာ ဈေးဆိုင်တွေဖွင့်ဖို့ ဖိအားပေးခဲ့သလို မဖွင့်တဲ့ ဆိုင်တွေကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ပေမဲ့ ပြည်သူလူထုကတော့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ဒေသခံတယောက်က “တချို့ဈေးဆိုင်တွေက အသံတိတ်သပိတ်ရှိတယ်ဆိုလို့ မဖွင့်ကြဘူး။ အဲဒီမဖွင့်ကြတဲ့ဆိုင်တွေကို ဘာလို့မဖွင့်လဲဆိုပြီး စစ်ဆေးရေးတွေ လုပ်နေတာရှိတယ်။ အရင်ထက်စာရင်တော့ လူနည်းနည်းပြတ်သွားတယ်၊ အများကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ အသွားအလာက သိပ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် တားထားတဲ့ ကြားထဲက ပြည်သူတွေက မရ ရတဲ့နည်းနဲ့ ရသလောက်လေးပါဝင်တာပေါ့။ တချို့တွေကတော့ ဆိုင်တွေပိတ်ပြီးပါဝင်တယ်၊ တချို့ကတော့ အိမ်ထဲပဲနေပြီး ပါဝင်တယ်”လို့ ပြောပါတယ်။
ရန်ကုန်ရဲ့ လူစည်ကားနေကျနေရာတွေဖြစ်တဲ့ ဆူးလေ၊ လှည်းတန်း၊ သင်္ဃန်းကျွန်း၊ တာမွေ၊ လှိုင်သာယာ၊ ရွှေပြည်သာစတဲ့ နေရာတွေမှာလည်း ဖိအားပေးမှုကြောင့် ဈေးဆိုင်ခန်းတချို့သာဖွင့်လှစ်ထားပြီး လူသွား လူလာက ပုံမှန်အခြေအနေထက် နည်းပါးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြို့ပေါ်မှာသာမက မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြို့နယ်တွေနဲ့ ရွှေပေါက်ကံမြို့သစ် စတဲ့ ဆင်ခြေဖုံးမြို့နယ်တွေက ပြည်သူတွေကလည်း အသံတိတ်သပိတ်မှာပါဝင်ပြီး အပြင်ကို မဖြစ်မနေအသွားရမဲ့ ကိစ္စတွေကလွဲလို့ အသွားအလာနည်းပါးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့ခံတယောက်က "ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်တာပေါ့။ စျေးကို မနက်အစောကြီးကတည်းက သွားတယ်။ ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘူး။ ကားလမ်းမကြီးတွေမှာတော့ YBS တွေ Taxi တွေက ပုံမှန် အတိုင်းသွားနေကြတာပဲ။ လူနေလမ်းတွေမှာတော့ ဘယ်သူမှ အိမ်ထဲက အိမ်အပြင်မထွက်ဘူး "လို့ ပြောပါတယ်။
ရွှေပေါက်ကံမြို့သစ်နဲ့ ဝေဘာဂီမြိုသစ်မှာ ကားမှတ်တိုင်၊ လမ်းဆုံလမ်းခွတွေမှာ စစ်တပ်၊ ယာဥ်ထိန်းရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လုံခြုံရေးယူထားပြီး ရဲတွေက ဆိုင်ကယ်နဲ့ပတ်ကာ စျေးဆိုင်တွေကို စစ်ဆေးနေတယ်လို့ မြိုခံတယောက်က ပြောပါတယ်။
"စစ်တပ်နဲ့ယာဥ်ထိန်းရဲက ကားမှတ်တိုင်တွေမှာရှိတယ်။ ရဲတွေက ရပ်ကွက်ထဲ ဆိုင်ကယ်နဲ့ပတ်ပြီး စျေးဆိုင်တွေ ဖွင့်မဖွင့် လိုက်စစ်ဆေးတယ်။ သူတို့လိုက်စစ်ဆေးလည်း အလကားပဲ။ စျေးဆိုင်တွေကတော့ဖွင့်တယ်။ ဒါပေမဲ့ လာဝယ်မယ့်သူမရှိဘူး။ လမ်းတွေမှာ လူတွေမရှိဘူး ကင်းလှည့်နေတဲ့ ရဲနဲ့ခွေးတွေပဲရှိတယ်။”
သပိတ်မစခင် ဒီဇင်ဘာလ ၇ ရက်ကတည်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ စျေးဆိုင်တွေ မပိတ်ဖို့နဲ့ ပုံမှန်ဖွင့်လှစ်ဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးထားသလို ဒီကနေ့မှာလည်း စစ်တပ်နဲ့ဌာနဆိုင်ရာတချို့က လမ်းမတွေပေါ် အိမ်စီးကားတွေနဲ့ လှည့်လည်သွားလာတာတွေရှိတယ်လို့ အုပ်ချုပ်ရေးပိုင်းကနေ သိရပါတယ်။
အသံတိတ်သပိတ်လုပ်ချိန်မှာ လမ်းမပေါ်ကားလမ်းရှင်းမနေဖို့နဲ့ မြေပြင်အခြေအနေကို စောင့်ကြည့်ဖို့ ညွန်ကြားထားတယ်လို့ မြို့နယ်ထွေအုပ်ဝန်ထမ်းတယောက်က ပြောပါတယ်။
"သိမ်းထားတဲ့ကားတွေပါ ထုတ်သုံးတာတွေပါရှိတယ်။ လမ်းပေါ်ရှင်းလင်းနေတာမျိုး မဖြစ်အောင်လို့ မြို့နယ်အလိုက်တာဝန်ယူရတာ။ မြေပြင်အခြေအနေကိုလည်း ပုံမှန်သတင်း တင်ရတယ်။"
အသံတိတ်သပိတ်ကို မနက်၁၀ နာရီကနေညနေ ၃ နာရီအထိလုပ်ခဲ့တာဖြစ်ပြီး သပိတ်ချိန်မှာ ပုံရက်တွေထက်လမ်းမမှာ လူနဲ့ကားအသွားလာနည်းပေမဲ့ အရင်တုန်းက သပိတ်တွေတုန်းကလောက်တော့ သိသိသာသာရှင်းလင်းတာမျိုးမရှိခဲ့ဘူးလို့ ရန်ကုန်မှာ မြေပြင်သပိတ်အခြေအနေ စောင့်ကြည့်ခဲ့သူတယောက်က ပြောပါတယ်။
ရန်ကုန်အပြင် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဖားကန့်၊ မိုးကုတ်၊ မြဝတီစတဲ့ မြို့တွေအပြင် နေရာတော်တော်များများမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှုအားကောင်းတာ တွေ့ရှိခဲ့ရပါတယ်။
မန္တလေးမှာ မနက်ခင်းကျောင်းသွားရုံးသွားချိန်မှာ စစ်တပ်က စည်ကားသယောင် ဖန်တီးခဲ့ပေမဲ့ မန္တလေးရဲ့ အသံတိတ်သပိတ်ကလည်း အောင်မြင်ကြောင်း သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “ဒီနေ့မနက် ၈ နာရီကျော်လောက်က ပြည်ကျော်ဈေးရှေ့မှာ ရဲတွေရယ် အပြာဝမ်းဆက်တွေနဲ့ သေနတ်တွေလည်း ကိုင်ထားတယ်။ ပြည်သူ့စစ်တွေလား ဘာတွေလားတော့ မသိဘူး။ သူတို့ကားကြီးကို လမ်းတဝက်လောက် ပိတ်ရပ်ထားတော့ အဲဒီမှာ ကားတွေဆိုင်ကယ်တွေကြပ်ညပ်နေတာကို ဓာတ်ပုံတွေ ရိုက်ယူနေကြတယ်။ လူစည်ကားကြောင်းပြချင်လို့ပေါ့။ မနက် ၈ နာရီကျော်ကြီး၊ မန္တလေးမြို့ အသံတိတ်သပိတ် ကတော့ အခုချိန်ထိ လမ်းတွေထဲမှာလည်း ရှင်းလင်းနေတယ်။ ဆိုင်တချို့တော့ဖွင့်ထားတယ်။ အခြေအနေ အရပ်ရပ်ကြောင်း ဖွင့်ထားပေးရတာပေါ့။ ဒါပေမဲ့ အသံတိတ်သပိတ်ပါဝင်မှုမှာ တော်တော်အားကောင်းပါတယ်။ မန္တလေးက၊ ကျနော်ကိုယ်တိုင်လည်း အခုချိန်ထိ အိမ်ထဲမှာပါပဲ”လို့ ပြောပါတယ်။
အခုတကြိမ်ပြုလုပ်တဲ့ အသံတိတ်သပိတ်ကလည်း ရှေ့အကြိမ်တွေနဲ့ နည်းတူ အောင်မြင်ခဲ့တဲ့အတွက် ပြည်သူတွေက တာဝန်ကျေကြောင်းနဲ့ လူထုတာဝန်ကျေသလို တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေလည်း အခုထက်ပိုတာဝန်ကျေပွန်လို့ လိုကြောင်း ပြောရင်းနဲ့ ပြည်သူလူထုကိုကျေးဇူးတင်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု AJAY က ကိုနန်းလင်းက ပြောပါတယ်။
“Silent Strike မှာ ပါဝင်ကြတဲ့ ပြည်သူ လူထုတရပ်လုံးကို လေးစားကျေးဇူးတင်ကြောင်း ကျနော် အလေးအနက်ပြောလိုပါတယ်။ ခေတ်အဆက်ဆက်မှာ လူထုဟာ တာဝန်ကျေခဲ့တယ်။ ဒီနေ့မှာလည်း လူထုရဲ့ တကယ့်စုစည်းမှု ညီညွတ်မှုက ဒီလောက် အခက်အခဲတွေ ကြားထဲက အသံတိတ်သပိတ်ကြီးကို ပြည်လုံးကျွတ် ပါဝင်ပြီးတော့ လူထုရဲ့ နိုင်ငံရေးအံတုမှု လူထုရဲ့ နိုင်ငံရေး လှုပ်ရှားမှုကြီးကို ကျနော်တို့ ဖော်ထုတ်နိုင်ခဲ့တယ်။ လှုပ်ရှားနိုင်ခဲ့တယ်၊ စစ်အုပ်စုက နိုင်ငံရေးအရ ခေါင်းထောင်လာပြီ၊ ပြန်ပြီးတော့ အသားစီးရနေပြီဆိုတဲ့ ပြောဆိုချက်တွေကို လူထုရဲ့ ဒီကနေ့ လှုပ်ရှားမှုကနေ စစ်အုပ်စုနဲ့ မင်းအောင်လှိုင်ဟာ လူထုရဲ့ ညီညွတ်မှုအောက်မှာ အချိန်မရွေး ပြုတ်ကျသွားနိုင်တယ်ဆိုတဲ့ သတင်းစကားကို ဒီကနေ့ ပေးနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။”
အခုတခေါက်ပြုလုပ်တဲ့ အသံတိတ်သပိတ် Silent Strike ရဲ့ ရည်ရွယ်တောင်းဆို ချက်၃ ချက် ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့၊ စစ်အာဏာရှင်အသက်ဆက်ရှင်ဖို့ လူငယ်တွေရဲ့ အသက်တွေကိုချနင်းနေတဲ့ အဓမ္မစစ်မှုထမ်းဥပဒေကို ရုပ်သိမ်းပယ်ဖျက်ဖို့နဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူထုဆန္ဒသဘောထားမပါဝင်ကြောင်းနဲ့ ကန့်ကွက်ဆန့်ကျင်ကြောင်းပြသဖို့ အတွက်ဖြစ်တယ်လို့ သိရပါတယ်၊
ဝေဝေ


