အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ခံတွေလည်း ပူးပေါင်းပါဝင်နေတယ်လို့ သိရပါတယ်။
မြဝတီမြို့မှာပုံမှန် လူမပြတ်စည်းကားနေတဲ့ နေရာတွေမှာပါ ဒီကနေ့ မနက်ပိုင်းမှာတော့ လူအသွားအလာမရှိသလောက် ဖြစ်နေပြီး ခြောက်ကပ်နေတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မြဝတီမြို့မှာက နေ့စဥ်အလုပ်သွား ကျောင်းသွား အပြင်ခရီးသွားတွေနဲ့ အမြဲစည်ကားနေတဲ့မြို့ ဒီကနေ့မနက်မိုးလင်းကတည်းက လူသွားလူလာနည်းပါးနေတာ တွေ့ရတယ်။ တချို့နေရာတွေဆို အရမ်းသိသာတယ်။ တော်လှန်ရေးအင်အားစုတွေ မေတ္တာရပ်ခံထားတဲ့ အသံတိတ်သပိတ်မှာ ပါဝင်လာတာတွေ့ရတယ်။”
မြဝတီမြို့မှာက လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားသွားလာလေ့ရှိပေမဲ့ ဒီကနေ့တော့ ထူးထူးခြားခြား လက်နက်ကိုင်အဖွဲ့တွေတောင် သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့လည်းဖြစ်ပြီး အဆိုပါနေ့မှာပဲ တော်လှန်ရေးအင်အားစုတွေက “ငါတို့အား၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်ရေး” “အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ကြဖို့ တိုက်တွန်းနိုးဆော်ထားတာပါ။









