
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်မှတ်တမ်းတင်ပြီး ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မဲ့ အတုအယောင်ရွေးကောက်ပွဲ ခြေရာခံ ပလက်ဖောင်း ဝက်ဘ်ဆိုက်တခုကို စတင် မိတ်ဆက်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်-ထိုင်း (FCCT) မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စိစစ်ထားတဲ့ သတင်းအချက်အလက်တွေ ရယူဖို့ အခက်အခဲတွေကြောင့် အခုလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး ပလက်ဖောင်းတခုကို အကောင်အထည်ဖော်ပြီး ကမ္ဘာကို ပြသချင်တယ်လို့ အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်းအဖွဲ့က ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်းအဖွဲ့ကိုတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရည်ရွယ်ချက် ၄ ရပ်နဲ့ ဖွဲ့စည်းခဲ့တာလို့လည်း ဆိုပါတယ်။
ရည်ရွယ်ချက်တွေကတော့ တိကျပြီး စုစည်းထားတဲ့ အချက်အလက် ဒေတာဘေ့စ် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ ရွေးကောက်ပွဲမတိုင်မီ၊ ကာလအတွင်းနဲ့ နောက်ပိုင်းကာလတွေမှာ ဖိနှိပ်မှုပုံစံတွေကို ဖော်ထုတ်ဖို့အတွက် လိုအပ်တဲ့ စောင့်ကြည့်လေ့လာရေးစနစ်ရှိလာဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းမှာ လုပ်ဆောင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အများအပြားအတွက် အချက်အလက်အားလုံးကို တနေရာတည်းမှာ စုစည်းပြီး ပိုမို အသုံးပြုရလွယ်ကူစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာလို့ ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်းအဖွဲ့ဝင် ပိုင်က “ဒီပလက်ဖောင်းက မှတ်တမ်းတင်ခြင်း ကိရိယာတခုတည်း မဟုတ်ဘဲ၊ ဒါဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စုပေါင်း ခုခံတွန်းလှန်မှုရဲ့ ကြိုးပမ်းအားထုတ်မှုတခုလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက တရားမဝင်ပါဘူး။ မြန်မာပြည်သူတွေကလည်း လက်မခံပါဘူး။ ကျွန်ုပ်တို့အားလုံးရွေးကောက်ပွဲကို ငြင်းပယ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ဒီသတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်နေတာ ဖြစ်ပါတယ်။" လို့ ပြောပါတယ်။
အင်တာနက်စာမျက်နှာ Shamelectiontracker.com အမည်ရှိဝဘ်ဆိုက်ကနေ ရွေးကောက်ပွဲ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ အစီရင်ခံစာထုတ်ပြန်ချက် စတဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်သမျှကို ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ လွတ်လပ်သော ရွေးကောက်ပွဲများ အာရှကွန်ရက် (ANFREL) က ကိုယ်စားလှယ်တွေကလည်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မကြာသေးမီက ထွက်ရှိထားတဲ့အစီရင်ခံစာတွေက တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို ဒီမိတ်ဆက်ပွဲမှာ မျှဝေခဲ့ပါသေးတယ်။


