
ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၈၀ လောက် ဇန်နဝါရီ ၁၈ ရက် ဒီမနက်အစောပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး လက်နက် ၉ လက်လည်း ပါသွားတယ်လို့ ကရင်နီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အကျဉ်းဦးစီးဌာန လက်အောက်မှာရှိတဲ့ အကျဉ်းထောင်တခုကနေ မနက် ၁ နာရီလောက်မှာ ထောင်ဖောက်ပြေးသွားတာလို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “အကျဉ်းထောင်ထဲကနေ ထွက်ပြေးသွားပါတယ်။ အကျဉ်းထောင်ဝန်ထမ်းတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ထွက်ပြေးသွားကြတယ်။ အကျဉ်းဝန်ထမ်း ၂ ဦးတော့ ပါသွားတယ်။ အများပြည်သူအတွက် အရမ်းကြီး စိုးရိမ်စရာမရှိပါဘူး။ လိုင်းပေါ်မှာတွေ့သလို ထောင်ဝန်ထမ်းကို သတ်ဖြတ်တာတွေ မရှိပါဘူးနော်” လို့ ပြောပါတယ်။
အသေးစိတ်အချက်အလက်တွေကို စိစစ်နေပြီး ထွက်ပြေးလွတ်မြောက်သွားသူတွေကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခြေအနေတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုမရှိကြဖို့နဲ့ အများပြည်သူလုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီပြည် ရဲဌာနခွဲ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ပေးပို့သွားမှာဖြစ်ပြီး လုံခြုံရေးအစီအစဉ်တွေလည်း ချမှတ်သွားမယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားပါတယ်။


