Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၅ နှစ်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဆုံးရောက်နေ
DVB
·
February 2, 2026

စစ်တပ် အာဏာသိမ်းယူထားတဲ့ ၅ နှစ်တာကာလအတွင်း မြန်မာပြည်တွင်းမှာရှိတဲ့ အခြေခံအလုပ်သမားတွေရဲ့ ဘက်ပေါင်းစုံက အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ကျပ်တည်းမှုတွေဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ ဖျက်သိမ်းခံရတာ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒီ ၅ နှစ်တာကာလ မြန်မာနိုင်ငံအတွင်း အလုပ်သမားအရေး လှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေ ဆက်ရှိနေသလို၊ အလုပ်သမားအရေး ဆက်မလုပ်နိုင်အောင် စောင့်ကြည့်တာတွေ၊ ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်။

ဒီလို ဖမ်းဆီး၊ ခြိမ်းခြောက်မှုတွေကြောင့် အလုပ်သမားတွေဟာ အခွင့်အရေး တောင်းဆိုခွင့်တွေ ဆိတ်သုဉ်းသွားသလို အလုပ်သမားဥပဒေဟာလည်း စာအုပ်ထဲမှာသာ ကျန်ရှိတော့တဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

အလုပ်သမားသမဂ္ဂ တာဝန်ရှိသူတယောက်က  “၅ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ အလုပ်သမားသမဂ္ဂ ၃၀၀ နီးပါးလောက် အဖမ်းခံရတယ်။ ဒီထဲမှာဆိုရင် တချို့တွေက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရတာ ရှိတယ်။ တချို့တွေဆိုရင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါ တရားစွဲခံထားရတဲ့ အခြေအနေ ရှိပါတယ်။ နောက်ပြီးတော့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ ကျနော် အပါအဝင် ဒီလိုလူတွေကို လွှတ်ပေးတဲ့အခါ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ခံဝန်နဲ့ လွှတ်တာ ဖြစ်ပါတယ်။ ဒါက ဘာကိုပြသနေလဲဆိုရင် ကျနော်တို့ အလုပ်သမားအရေး လှုပ်ရှားသူတွေသည် ထောင်က လွတ်တာတောင် နှောင်ကြိုး ချည်ခံရတာပေါ့။ အဲ့တော့ ကျနော်တို့ရဲ့ အလုပ်သမားအရေး လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်တယ်လို့ မြင်တယ်။ ဒါကြောင့် အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ အလုပ်သမား ခေါင်းဆောင်တွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျနော့်အနေနဲ့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာ မဖူလုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံရေး ကျဆင်းလာနေကြောင်း ဆက်လက် သတိပေးထားပါတယ်။

အာဏာသိမ်းပြီးနောက် အဆမတန်မြင့်လာတဲ့ အခြေခံကုန်ဈေးနှုန်းတွေကြားမှာ အခြေခံလုပ်အားခ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ ၁၀ ကြိမ်ထက်မနည်း လုပ်ခဲ့ကြပေမဲ့ ဖူလုံတဲ့ အနေအထားတခုကို လုပ်သားထုတွေ မရခဲ့ကြပါဘူး။

အလုပ်သမားတွေအနေနဲ့ ရရှိတဲ့ လုပ်ခလစာနဲ့ ထောက်ပံ့ကြေး ၇,၈၀၀ ဝန်းကျင်ဟာ မလောက်ငတာကြောင့် လက်ရှိကုန်ဈေးနှုန်းကို ကာမိဖို့ တရက် လုပ်ခလစာက ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ခွဲအထိ ရရှိဖို့ လိုနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။

စက်ရုံအများစုက အနိမ့်ဆုံးလုပ်ခလစာကို ၄,၈၀၀ ကျပ်အပေါ်မှာ မူတည်ပြီး အပိုဆောင်း ထောက်ပံ့ကြေးတွေ အနေနဲ့ စုစုပေါင်း ၇,၈၀၀ ကျပ်နှုန်းထားနဲ့ ပေးတာဟာ ရှုပ်ထွေးတဲ့ပုံစံတခု ဖြစ်နေပြီး အလုပ်ချိန် OT ကြေး တွက်ချက်တဲ့အခါ ၄,၈၀၀ နဲ့သာ တွက်တာကြောင့် ဒီကနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ မကိုက်ညီနဲ့နှုန်းထား ဖြစ်နေပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) မှ ဒေါ်မျိုးမျိုးအေးက “Labour Market မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နှုန်းအတိုင်း ပေးမယ်ဆိုရင် အနိမ့်ဆုံး လုပ်ခလစာကို ပြောင်းလဲရမယ်။ ဝန်ကြီးဌာန အနေနဲ့ကလည်း ကြေညာတာတော့ အနိမ့်ဆုံးလုပ်ခလစာလို့ ကြေညာတယ်။ အဲဒီလို ကြေညာတယ်ဆိုရင် အနိမ့်ဆုံး လုပ်ခလစာအတိုင်း သွားရမှာ။ ဒါပေမဲ့ သူတို့က အဲဒီလို မဟုတ်ဘူး။ ၄,၈၀၀ အပေါ်မှာပဲ အခြေတည်ထားတာ။ အပေါင်း ၁,၀၀၀၊ ၁,၀၀၀၊ ၁,၀၀၀ ဆိုတာက အနိမ့်ဆုံးလုပ်ခလစာထဲ ထည့်တွက်တယ်ဆိုပေမဲ့ အဲဒါက ထောက်ပံ့ကြေးထဲ သွားတာ။ အင်မတန် ရှုပ်ထွေးသော လုပ်ခလစာပေးတဲ့ ပုံစံမျိုးကို စက်ရုံတွေက လုပ်နေတာကို ဝန်ကြီးဌာနကကို အဲဒီလိုတွေ လိုက်လုပ်နေတာ။ ၇,၈၀၀ က အနိမ့်ဆုံး လုပ်ခလစာလား ဆိုတော့လည်း မဟုတ်ဘူး။ ၄,၈၀၀+၁,၀၀၀+၁,၀၀၀+၁,၀၀၀ ဆိုပြီး သွားတာ။ တော်တော် ရှုပ်ထွေးတာပေါ့နော် သူတို့ပေးတဲ့ ပုံစံက” လို့ ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန်မှာ အနိမ့်ဆုံး လုပ်ခလစာကို ဖူလုံစေဖို့ တောင်းဆိုတာအပြင် ဖမ်းဆီးထားတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ လှုပ်ရှားသူတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုပါ တောင်းဆိုနေကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန်အထိ မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ အစီရင်ခံထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013