
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကော်တက်ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီခွဲကျော်မှာ လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို လေကြောင်းကနေ ဗုံးကြဲချလို့ ဒေသခံအမျိုးသမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ကြဲချတာက ဗုံးသီး ၂ လုံး ကြဲချသွားတယ်။ ရွာဘေးကို ကျတာဗျ။ အမျိုးသမီး ၂ ဦးကတော့ ကျည်စထိမှန်တယ်။ တိုက်ပွဲလည်း မရှိပါဘူး။ အကြောင်းမဲ့ တိုက်ခိုက်သွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ ကော်တက်ရွာကို စစ်ကောင်စီတပ်က တံတားဦးတက် ဂျက်ဖိုက်တာ အမျိုးအစား လေယာဉ်နဲ့ ဗုံးကြဲချသွားတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “စစ်တပ်ကတော့ ထင်ရာလုပ်နေတာ။ ပြောစရာစကားတောင် မရှိတော့ပါဘူး။ ကြဲချသွားတာက ပေါင် ၂၀၀ လို့ ယူဆရတဲ့ဗုံး ၂ လုံးနဲ့ ကြဲချသွားတာ” လို့ ပြောပါတယ်။
တန့်ဆည်မြို့နယ်၊ ကော်တက်ရွာဟာ တန့်ဆည်မြို့ရဲ့ အနောက်ဘက် ၆ မိုင်ကျော် ကွာဝေးပြီး အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။


