
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ မနက် ၁၀ နာရီလောက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် စာသင်ကျောင်းပေါ် ကျရောက်တာကြောင့် ကလေး ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာကနေ ထုံးဘို-ဂျမ်ကပ်လမ်းကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အထက KG ကျောင်းဆောင်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “ဖားကန့်မြို့လယ်ကောင်လို့ ပြောလို့ရတယ်။ အထက ကျောင်း KG ဆောင်ပေါ် ကျတာ။ မြို့မရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်ကြားမှာ ရှိတာပေါ့။ ဗျူဟာကုန်းနဲ့ ရဲစခန်း မျက်နှာချင်းဆိုင်မှာရှိတာ။ KG ဆောင်ပေါ်ကျလို့ ကျောင်းသားတဦး၊ ကျောင်းသူတဦး ထိခိုက်တယ်။ လောလောဆယ်တော့ ဆေးကုသမှု ပေးထားတယ်။ မိဘတွေကတော့ ကလေးတွေကို ပြန်ခေါ်သွားကြပြီ။ တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။ အသွားအလာတွေလည်း ပိတ်ထားတယ်” လို့ DVB ကို ပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ လက်နက်ကြီးကျလို့ အရပ်သားတယောက် ခြေထောက်နှစ်ဘက်လုံး ဒဏ်ရာရခဲ့ပါတယ်။
စစ်ရေးအခြေအနေအရ ဖားကန့်-ဆိပ်မူသွားလမ်းကိုလည်း ပိတ်ထားလိုက်တဲ့အပြင် ဆိပ်မူကနေ ဖားကန့်ကို ပတ်သွားရတဲ့ ဖားပြင်-မန-ရှရော်ခ လမ်းကိုလည်း အရေးပေါ်အခြေအနေကလွဲလို့ ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လက်ရှိတိုက်ပွဲက ဆက်တိုက်ပြင်းထန်နေတယ်။ မရှီကထောင်ရပ်ကွက် နောက်ကျောကနေ ဆိပ်မူကို စစ်ကြောင်းထိုးနေလို့ တိုက်ပွဲဖြစ်နေတယ်။ ဖားကန့်မြို့ ပတ်ချာလည်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေရှိနေတယ်။ ဗျူဟာကုန်းကနေလည်း ညောင်ပင်ကုန်းဘက်ကို လက်နက်ကြီးနဲ့ပစ်နေတယ်။ ဆိပ်မူကို ဦးတည်တဲ့ဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ရွေးကောက်ပွဲလုပ်တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တော်လှန်ရေးတပ်တွေဘက်က ရွေးကောက်ပွဲ လုပ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်ဖြစ်လာတာပါ။


