Home
မြန်မာသတင်း
ဝက်လက်နှင့် ကနီတွင် စစ်တပ်ကြောင့် ဒေသခံသောင်းချီ နေရပ်စွန့်ခွာနေရ
DVB
·
February 4, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ထပ်မံစစ်ကြောင်းထိုးတာကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး စစ်ရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

ဝက်လက်မြို့နယ် ပကဖရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက “စစ်တပ်ဘက်က ဝက်လက်နယ် အရှေ့ခြမ်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ထိုးနေတဲ့ အင်အား ၂၀၀ ကျော် စစ်ကြောင်းက အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်ထွက်သွားပြီးတော့ ဒီ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အင်အား ၁၀၀ လောက်နဲ့ နောက်ထပ် စစ်ကြောင်းတကြောင်း ထပ်ဝင်လာနေတယ်။ အဲဒီစစ်ကြောင်းတွေက ဝက်လက်အရှေ့ခြမ်းက ရွာတွေဘက်ကိုပဲ ဝင်နေတာ။ ရှိန်းမကားမှာလည်း ကာလရှည် စစ်ရှောင်တွေ ရှိနေတယ်။ ပြီးတော့ ရှိန်းမကားနဲ့နီးတဲ့ ငသိုက်တောင်တို့၊ ရွာသစ်တို့၊ ရနောင်းတို့လို ရွာတွေကလည်း စစ်ရှောင်နေကြရတယ်။ စစ်ကြောင်းထိုးနေတဲ့ ဝက်လက်အရှေ့ခြမ်းမှာ ဖုန်းလိုင်းတွေ ပြတ်နေတယ်။ သူတို့စစ်ကြောင်းမှာပါတဲ့ ဂျန်ဘာတွေကြောင့်လား၊ တမင်ဖြတ်ထားတာလားတော့ မသိဘူးဗျ” လို့ ပြောပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းတွေကြောင့် ဝက်လက်မြို့နယ်ထဲက ရှိန်းမကား၊ ငသိုက်တောင်၊ ရွာသစ်၊ ရနောင်းကျေးရွာတွေ အပါအဝင် သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူ စတဲ့ကျေးရွာတွေက အိမ်ထောင်စုပေါင်း ၁,၈၀၀ နီးပါးနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာဝန်ရှိသူတယောက်က “စစ်ဘေးရှောင် ပြည်သူတွေထဲမှာ အရင်စစ်ကြောင်းကတည်းက စစ်ဘေးရှောင်နေရသူတွေက အရေအတွက် ပိုများတယ်။ အဲဒီတုန်းကကို စစ်ဘေးရှောင် ၈,၀၀၀ လောက်ရှိတာ။ အခုချိန်အထိဆို သူတို့တွေ စစ်ဘေးရှောင်နေကြရတာ တလခွဲကျော် ရှိနေပြီ။ အခုလဆန်းပိုင်း စစ်ကြောင်းထပ်ဝင်တော့ စစ်ဘေးရှောင် ၂,၀၀၀ ကျော်လောက် တိုးလာတာပါ။ စစ်ကြောင်း တကြောင်းပြီးတကြောင်း ထိုးနေလို့ စစ်ဘေးရှောင် အရေအတွက် တိုးလာတယ် ပြောရမှာပေါ့။ စစ်ဘေးရှောင်တွေ အတွက်ကတော့ စားဝတ်နေရေးနဲ့ အမိုးအကာတွေပေါ့နော်။ စစ်တပ်ဘက်က ဝက်လက်အခြမ်းကို စစ်ကြောင်းထိုးတာများလို့ စစ်ဘေးရှောင်အရေအတွက်ကလည်း ဝက်လက်အခြမ်းက အများဆုံးဖြစ်​ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဟာ စစ်ဘေးရှောင်ပြည်သူ​တွေအတွက် စားနပ်ရိက္ခာတွေ လိုက်လံဝေငှပေးတာတွေ လုပ်ဆောင်နေကြသလို စစ်ဘေးရှောင်တွေ ယာယီနေထိုင်နိုင်ဖို့အတွက် ယာယီတဲအဆောက်အအုံတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဝက်လက်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသေးပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း တောင်ခြမ်းမှာရှိတဲ့ မုဌောရွာနဲ့ ၂၈ မိုင်ကို ဖေဖော်ဝါရီ ၃ ရက် မနက် ၁၁ နာရီကျော်နဲ့ ညပိုင်း ၇ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ ကနီဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲချလို့ လူနေအိမ်တွေ ပျက်စီးပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။

မုဌောအနောက်ရွာ‌ ဒေသခံ ကိုနိုင်ကြီးက “နေ့ခင်း ၁၁ နာရီ ၃၁ မိနစ်က မုံရွာ နမခက တက်လာတဲ့ ဂျိုင်ရိုကော်ပတာ တစီးနဲ့ မုဌော အနောက်ရွာက ပြည်သူ့နေအိမ်တွေပေါ်ကို ကြဲချသွားတာဗျ။ လူ‌နေအိမ် ၂ လုံး ပျက်စီးပြီး ကားတစီးလည်း ပျက်စီးခဲ့တယ်ဗျ” လို့ DVB ကို ပြောပါတယ်။

မုဌောအနောက်ရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာဖြစ်ပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးသွား ကားလမ်းဘေးမှာရှိတဲ့ ၂၈ မိုင်ကိုလည်း ဖေဖော်ဝါရီ ၃ ရက် ညပိုင်း ၇ နာရီခွဲကျော်မှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၈ မိုင် ဒေသခံတယောက်က “ဘာသတင်းရလို့ လာကြဲချတာလဲတော့ မသိဘူ။ တပြိုင်တည်း တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲချပြီး ည ၈ နာရီခွဲအချိန်မှာ မုံရွာ နမခတက် စက်တပ်လေထီး (Paramotor) ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်ဗျ။ လူထိခိုက်‌ သေဆုံးသလား ဆိုတာက‌တော့ အတည်ပြုလို့ မရသေးဘူး။ သူတို့က ညအချိန် လာကြဲချ‌တော့ ပြည်သူတွေ ပြေးလွှားနေကြရပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကနီတောင်ခြမ်းနဲ့ ယင်းမာပင်မြို့နယ် မြောက်ခြမ်းအစပ်မှာ တည်ရှိတဲ့ ကျေးရွာတွေကို ဇန်နဝါရီ ၃၁ ရက်ကစပြီး ဖေဖော်ဝါရီ ၃ ရက်အထိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013