Home
မြန်မာသတင်း
ချောင်းဦးတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
DVB
·
February 4, 2026

စစ်ကိုင်းတိုင်း၊‌‌ ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂ ရက် ည ၁၀ နာရီခွဲမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို စစ်ကောင်စီက ချောင်းဦး ထွေအုပ်ရုံး အထိုင်စခန်းကနေ ပစ်ခတ်တာလို့လည်း သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “စိတ်တွေလည်း ဆင်းရဲလှပါပြီ။ မ‌နေ့ညတုန်းက ချောင်းဦး ထွေအုပ်ရုံးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှမ်းထူးရွာ စာသင်ကျောင်းအရှေ့ဘက် ကပ်လျက်ရှိတဲ့ ဒေါ်သိန်းမြရဲ့အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့တာ ရှိခဲ့တယ်။ အဲဒီလို ပေါက်ကွဲလို့ တအိမ်ထဲ ညီအမ ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ အမည်နဲ့ အသက်‌တွေက ဒေါ်သိန်းမြ အသက် ၅၅ နှစ်၊ ဒေါ်ထွေးထွေး အသက် ၅၀ နှစ် ညီအစ်မ ၂ ယောက်ပါ။ သူ့အမျိုးသားလည်း အပြင်းအထန် ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။

ရှမ်းထူးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူသေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိခဲ့တာအပြင် လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦး ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ဗုံးသီးကျတဲ့အိမ်ကတော့ အကုန်ပျက်စီးတယ်။ ကျန်တဲ့အိမ်‌တွေက‌တော့ အမိုးပေါက်ပြဲ၊ ထရံပွင့်တာ‌တွေ ရှိတယ်။ သူတို့ပစ်ချင်လို့ကို ပစ်တာ။ ဘာတိုက်ပွဲမှမရှိဘူး” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာကို စစ်တပ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်ကလည်း အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013