
နည်းပညာခေတ်ဖြစ်လို့ တိုက်ပွဲတွေဖြစ်လာတဲ့အခါ ခေတ်နဲ့အညီ နည်းပညာတွေကို အသုံးပြုကာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးစစ်တိုက်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနေ့ နေ့လယ်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းတပ်နယ်ကို ရောက်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရာရှိ၊ စစ်သည်တွေ တပ်မိသားစုဝင်တွေ တွေ့ဆုံချိန်မှာပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က "နိုင်ငံရေး အစိုးရများ မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရမှာဖြစ်ပြီး နည်းပညာခေတ်ဖြစ်တာကြောင့် စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်များက ခေတ်နှင့်အညီ နည်းပညာများကို အပြည့်အဝအသုံးချပြီး ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ကြဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
နိုင်ငံတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးထားတဲ့ ခေတ်မီလက်နက်နဲ့ နည်းပညာတွေကို အပြည့်အဝအသုံးချနိုင်ရေးအတွက် စွမ်းရည်ရှိတဲ့ စစ်သားတွေဖြစ်ဖို့အတွက် အမြဲလေ့ကျင့်နေရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ တပ်မတော်ဖြစ်စေဖို့ တပ်မတော်(ရေ)နဲ့ တပ်မတော်(လေ)မှာ ရှိနေတဲ့ ရေယာဉ်၊ လေယာဉ်တွေကို အဆင့်မြှင့်တင်တာနဲ့ ထပ်မံဝယ်ယူ ဖြည့်တင်းပေးထားတာ ရှိသလို ကြည်းတပ်အတွက်လိုအပ်တဲ့ သံချပ်ကာယာဉ်တွေနဲ့ လက်နက် အသုံးအဆောင်ပစ္စည်းတွေကို အဆက်မပြတ်ဖြည့်တင်းပေးနေလို့ အဆက်မပြတ် လေ့ကျင့်ကြဖို့ ပြောပါတယ်။
ကချင်က ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ ကတိမပေးနိုင်တဲ့အကြောင်း KIO/KIA ဒုဗိုလ်ချုပ်ကြီးဂွန်မော် ကချင်တော်လှန်ရေးနေ့မှာ ပြောဆိုပြီးနောက် စစ်ခေါင်းဆောင်က ဟုမ္မလင်းကို ရောက်လာတာလို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
"နောက်တက်လာမဲ့ အစိုးရသစ်မှာ အပစ်ရပ်ဆွေးနွေးရင် KIA ကို တပ်က ပါစေချင်တယ်။ KIA က တခြားအဖွဲ့တွေလိုမဟုတ်ဘူး၊ ရပ်တည်ချက်ခိုင်မာတယ်။ တရုတ်နဲ့ကပ်လို့မရဘူး၊ ပြီးတော့ ဗိုလ်ချုပ်ဂွန်မော်က ကချင်က ခွဲမထွက်ဘူးလို့ ကတိမပေးနိုင်ဘူးပြောလိုက်တော့ မပခ ကို စစ်အင်အားဖြည့်တဲ့သဘောပဲ။ လက်ရှိမှာ ဗန်းမော်နဲ့ ဖားကန့်မှာလည်း စစ်ရေးတင်းမာနေတယ်။”
စစ်တပ် အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA ၊ KIA တို့က စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တရုတ်ဖိအားပေးမှုကြောင့် MNDAA နဲ့ TNLA တို့ သိမ်းပိုက်ထားတဲ့မြို့တချိုကို စစ်တပ်က ပြန်ရခဲ့ပေမဲ့ KIA နဲ့ AA တို့ကိုတော့ ညှိနှိုင်းလို့ မရသေးပါဘူး။


