
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စနစ်တကျ ဖြေရှင်းနိုင်ခဲ့တယ်ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ ပေးအပ်ခဲ့ ပါတယ်။
ဖေဖော်ဝါရီ ၅ ရက် ဒီနေ့ မနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ အထူးဘွဲ့နှင်းသဘင်ပြုလုပ်ပြီး စစ်ခေါင်းဆောင်ကို ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ကို ပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က “မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှု အခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သော စွမ်းဆောင်ချက်များကြောင့် အခုလို ဂုဏ်ထူးဆောင်ပါရဂူ ချီးမြှင့်ရတာ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒီလို ချီးမြှင့်ရတဲ့အတွက်လည်း ပညာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တက္ကသိုလ်က ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် တိုင်းပြည် အဘက်ဘက်က ယိုယွင်းပျက်စီးနေပြီး နိုင်ငံအတွင်း လူသတ် လုယက်မှုများ၊ ကုန်စျေးနှုန်းကြီးမြင့်မှုများ၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ဖြစ်ပေါ်နေတာကို မမြင်ဘဲ မိမိရာထူး တည်မြဲရေးအတွက် စစ်ခေါင်းဆောင် အလိုကျ ရန်ကုန်တက္ကသိုလ်က ပေးတဲ့ဘွဲ့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ဝေဖန် ထောက်ပြပါတယ်။
“အမေစုလက်ထက်နဲ့ မင်းအောင်လှိုင်လက်ထက် ၅ နှစ်သက်တမ်းချင်း အတူတူယှဥ်ကြည့်လိုက်၊ ဘွဲ့ပေးတဲ့သူတွေကို မေးချင်တာ ဘယ်နေရာမှာ စီမံခန့်ခွဲမှုကောင်းတာလဲ၊ စားဝတ်နေရေးလား၊ ပညာရေးလား၊ ကျန်းမာရေးလား၊ အလုပ်အကိုင် အခွင့်အလမ်းလား၊ ဒီလောက် တိုင်းပြည်က ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးပြီး ဆင်းရဲမွဲတေနေတာကို စီမံခန့်ခွဲမှုအားကောင်းတယ်ဆိုတော့ ဒီဘွဲ့ပေးတဲ့သူတွေက သူတို့နေရာ တည်မြဲရေးအတွက် မဟုတ်ရင် ရူးနေလို့ပဲဖြစ်မယ်။”
အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားကို စစ်ဗိုလ်ချုပ်ကြီးတွေ၊ ပညာရေးဝန်ကြီးဌာနက Non CDM ဝန်ထမ်းတွေနဲ့ ရန်ကုန်တိုင်းစစ်ဌာနက အရာရှိကြီးတွေ တက်ရောက်ခဲ့ပြီး လုံခြုံရေးကို စစ်ဘက် အရပ်ဘက်က ယူပေးခဲ့တာ ဖြစ်ပါတယ်။


