
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တိုင်းပြည်ချစ်စိတ် ရှိဖို့လိုပြီး နိုင်ငံ့ဝန်ထမ်းတချို့က နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာ မသမာမှုတွေလုပ်ပြီး ကိုယ်ကျိုးရှားခဲ့တာကို မိမိအုပ်ချုပ်စဥ်ကာလအတွင်း စိတ်မကောင်းဖွယ် မြင်တွေ့ရကြောင်း စစ်ခေါင်းဆောင်က ဝန်ခံ ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် နေ့လယ်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီးတွေကို Video Conferencing နဲ့ အမှာစကားပြောရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို အခွင့်ကောင်းယူ၍ နိုင်ငံဝန်ထမ်းများက နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် မသမာမှုများ ပြုလုပ်လာပြီး ကိုယ်ကျိုးအတွက် ဝင်ငွေရှာလာကို မိမိအုပ်ချုပ်စဥ်အတွင်း တွေ့ရပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများ ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများကို မြင်ရကာ နိုင်ငံဝန်ထမ်းများအနေနဲ့ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်၍ တာဝန်ထမ်းဆောင်လိုကြောင်း” စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်းတက်နေတဲ့ အရာရှိကြီးတွေက သင်တန်းပြီးဆုံးလို့ လုပ်ငန်းခွင် ပြန်လည်ရောက်ရှိပါက မိမိတို့လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းများ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားကြဖို့လည်း ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်က လာမဲ့အစိုးရသစ်မှာ စစ်တပ်က အရာရှိကြီးတွေကို ဝန်ကြီးဌာနတွေမှာ နေရာပေးပြီး အစိုးရယန္တရားကို ထိန်းချုပ်ချင်တာဖြစ်တယ်လို့ Non CDM ဝန်ထမ်းတယောက်က ထောက်ပြ ပြောဆိုပါတယ်။
“ဝန်ထမ်းဆိုပြီး အကုန် ရမ်းသန်းပြောလို့မရဘူး။ အာဏာသိမ်းပြီးကတည်းက ဌာနဆိုင်ရာ အကြီးအကဲတွေမှာ စစ်တပ်က အရာရှိတွေပဲ ခန့်ထားတာ။ ထွေအုပ်၊ စည်ပင်၊ အကောက်ခွန်၊ လဝက ငွေရပေါက်တွေမှာ စစ်တပ်က ပြောင်းလာတဲ့သူတွေချည်းပဲ။ လာမဲ့အစိုးရသစ်မှာလည်း ဝန်ထမ်းတွေကို ထိန်းကျောင်းဖို့ဆိုပြီး တပ်ကအရာရှိတွေကို ထပ်ခန့်ချင်တာ။ မသမာမှုဆိုတာ အောက်ခြေဝန်ထမ်းက မလုပ်ဘူး၊ မိုးကျရွှေကိုယ်တွေပဲ လုပ်စားတာ။”
ဒါ့အပြင် မိမိလက်ထက်မှာ အရင်အစိုးရထက် လစာငွေများ တိုးပေးခဲ့ပေမဲ့ နိုင်ငံရေးကို အကြောင်းပြပြီး နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဝန်ထမ်းတွေ မသမာမှုတွေ လုပ်လာတဲ့အတွက် ဝန်ထမ်းတွေ ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် နေထိုင်ကြဖို့ လိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် အဂတိမှုနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကောင်စီတပ်က ဒုဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်မှူးအဆင့်ထိ ပါဝင်ပြီး တချို့ကို ပြစ်ဒဏ်ချထားသလို အခုချိန်ထိ စစ်ဆေးခံနေရသူတွေလည်း ရှိပါတယ်။


