Home
နိုင်ငံတကာ
အမေရိကန်နှင့် တင်းမာမှုတိုးလာချိန် နိုင်ငံကိုကာကွယ်ရန် အသင့်ရှိဟု အီရန်စစ်ခေါင်းဆောင်ပြော
DVB
·
February 1, 2026
Photo: Reuters

အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စလာမ်သမ္မတနိုင်ငံကို အဆုံးအထိကာကွယ်ဖို့ အသင့်ရှိနေတယ်လို့ အီရန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ် အမီယာဟာတာမီက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန် ပြည်တွင်းမငြိမ်မသက်အောင် လှုံ့ဆော်ပေးတယ်လို့ အီရန်အစိုးရက စွပ်စွဲခဲ့ပြီး တိုက်ခိုက်ခံရရင် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်က အီရန်ကို ထပ်တိုက်ခိုက်ရင် အရှေ့အလယ်ပိုင်းက အမေရိကန်မဟာမိတ်တွေရဲ့ မြေပေါ်က အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက CNN Turk သတင်းဌာနကို ပြောပါတယ်။

အမေရိကန်ရဲ့ စစ်ရေးအရအရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အာရာချီက အီရန်အစိုးရဟာ ဆွေးနွေးပွဲတွေအတွက် ဒါမှမဟုတ် စစ်ပွဲအတွက် အသင့်ဖြစ်နေပြီး တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အသင့်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

၂ နိုင်ငံဆွေးနွေးပွဲတွေ ပြန်စချင်ရင် အီရန်အနေနဲ့ ဒုံးကျည်အစီအစဉ်ကို ရပ်တန့်ဖို့ အမေရိကန်က တောင်းဆိုနေပေမဲ့ အီရန်ကတော့ ဒီတောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

အီရန်မှာ စီးပွားရေး အကျပ်အတည်း၊ ငွေကြေးဖောင်းပွမှုနဲ့ လူနေမှုစရိတ် မြင့်တက်လာတာတွေကြောင့် နိုင်ငံတဝန်းဆန္ဒပြပွဲတွေကို အရာရှိတွေက ၂ ပတ်ကြာ ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆန္ဒပြသူတွေကို ထောက်ခံတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပြီး အီရန်က ဆန္ဒပြသူတွေကို ဆက်သတ်ဖြတ်နေမယ်ဆိုရင် အမေရိကန်က အရေးယူဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂,၀၀၀ အပါအဝင် လူပေါင်း ၃,၁၀၀ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRANA) က ဆန္ဒပြမှုတွေအတွင်း ဆန္ဒပြသူ အယောက် ၆,၁၇၀ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁၄ ယောက် အပါအဝင် လူပေါင်း ၆,၅၆၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ထရမ့်ပ်က အီရန်အစိုးရကို နျူကလီးယားထိန်းချုပ်ရေး သဘောတူညီချက်တရပ်ကို စားပွဲဝိုင်းမှာ ညှိနှိုင်းဖို့နဲ့ မညှိနှိုင်းရင် ပိုဆိုးတဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်ပ်က ရွေးချယ်စရာတွေကို ပြန်သုံးသပ်နေပေမဲ့ အီရန်ကို တိုက်ခိုက်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013