
အမေရိကန်ပြည်ထောင်စုမှာ အခုတုပ်ကွေးရာသီအတွင်း ဖျားနာသူ သန်း ၂၀ ထက်မနည်း ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) က ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ မှတ်တမ်းအရ သိရပါတယ်။
ရာသီတုပ်ကွေးဖြစ်ပွားမှုဟာ တနိုင်ငံလုံးမှာ မြင့်မားနေဆဲဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ပိုမြင့်တက်လာတယ်လို့ CDC က ပြောပါတယ်။
လက်ရှိ တုပ်ကွေးရာသီကြောင့် ဖျားနာသူ အနည်းဆုံး သန်း ၂၀ ၊ ဆေးရုံတက်ရသူ ၂၇၀,၀၀၀ နဲ့ သေဆုံးသူ ၁၁၀,၀၀၀ ရှိခဲ့တယ်လို့ အေဂျင်စီက ခန့်မှန်းထားပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးတွေ ဆေးရုံတက်ရတဲ့နှုန်းက ဆယ်စုနှစ်တခုကျော်အတွင်း အမြင့်ဆုံးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ CDC က ဆိုပါတယ်။
တုပ်ကွေး A လို့ ခေါ်တဲ့ (H3N2) ဗိုင်းရပ်စ်တွေဟာ ခုရာသီမှာ အများဆုံးဖြစ်ပွားတဲ့ တုပ်ကွေးမျိုးကွဲတွေထဲကတခုပါ။
တုပ်ကွေး A ဖြစ်ပွားမှုက တည်ငြိမ်နေပေမဲ့ တုပ်ကွေး B ကတော့ တနိုင်ငံလုံးမှာ တိုးလာတယ်လို့ CDC က မှတ်ချက်ပြုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တုပ်ကွေးရာသီဟာ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ဖြစ်လေ့ရှိပြီး ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီကြားမှာ အထွတ်အထိပ်ကို ရောက်လေ့ရှိတယ်လို့ အေဂျင်စီက ဆိုထားပါတယ်။
Source: Reuters


