
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံး တရားသူကြီးဟာ United Healthcare ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ လွီဂျီ မန်ဂျိုနီ အပေါ် စွဲဆိုထားတဲ့ လူသတ်မှုနဲ့ လက်နက်မှုဆိုင်ရာ ဖက်ဒရယ်စွဲချက်တွေကို ဇန်နဝါရီ ၃၀ ရက်မှာ ပယ်ချလိုက်ပါတယ်။
ဒီစီရင်ချက်ကြောင့် ပြစ်မှုထင်ရှားရင်တောင် မန်ဂျိုနီဟာ သေဒဏ်ချမှတ်ခံရနိုင်ခြေ မရှိတော့တာကြောင့် အစိုးရရှေ့နေတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်သွားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် မန်ဂျိုနီကို ၂၀၂၄ ခုနှစ်အတွင်း မန်ဟက်တန်မြို့လယ်မှာ United Healthcare CEO ဘရိုင်ယန် သော်မ်ဆန်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်ပြီး မန်ဂျိုနီဟာ လူသတ်မှု၊ လက်နက်မှုနဲ့ နောက်ယောင်ခံလိုက်မှုတွေအတွက် အပြစ်မရှိကြောင်း အရင်က ငြင်းဆိုထားတာပါ။
ထိတ်လန့်စရာ လူသတ်မှုကို အစိုးရတာဝန်ရှိသူတွေက ရှုတ်ချခဲ့ကြပေမဲ့ အမေရိကန်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ် ကြီးမားမှုနဲ့ အာမခံကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်ကြတဲ့ ပြည်သူတချို့ ကြားမှာတော့ မန်ဂျိုနီကို လူထုသူရဲကောင်းတယောက်လိုမျိုး ဖြစ်လာခဲ့ပါတယ်။
မန်ဟက်တန်ရှိ အမေရိကန်ခရိုင် တရားသူကြီး မာဂရက်အမ်ဂါးနက်က လူသတ်မှုနဲ့လက်နက်မှု စွဲချက်တွေဟာ မန်ဂျိုနီ လက်ရှိရင်ဆိုင်နေရတဲ့ “နောက်ယောင်ခံမှု” စွဲချက် ၂ ခုနဲ့ ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိတာကြောင့် ပယ်ဖျက်ရတာလို့ ပြောပါတယ်။
ဒီအမှုအတွက် ဖက်ဒရယ်တရားရုံးရဲ့ ဂျူရီအဖွဲ့ ရွေးချယ်မှုတွေကို လာမဲ့ စက်တင်ဘာလမှာ စတင်ဖို့ အစီအစဉ်ဆွဲထားပါတယ်။
ဖက်ဒရယ်အဆင့်မှာ စွဲချက်တချို့ ပယ်ဖျက်ခံရပေမဲ့ မန်ဂျိုနီဟာ မန်ဟက်တန် ပြည်နယ်တရားရုံးမှာတော့ လူသတ်မှု၊ လက်နက်မှုနဲ့ စာရွက်စာတမ်းအတုပြုလုပ်မှုတွေနဲ့ သီးခြား စွဲချက်တင်ခံထားရဆဲ ဖြစ်ပါတယ်။
မန်ဂျိုနီ ကတော့ ဒီစွဲချက်တွေအားလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ လက်ရှိအချိန်အထိ ရုံးတင်စစ်ဆေးမဲ့ ရက်ချိန်းကို မသတ်မှတ်ထားရသေးပါဘူး။
Source: Reuters


