
ဝါရှင်တန်နဲ့ အီရန်နိုင်ငံတို့အကြား တင်းမာမှုတွေ အရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန်ရေတပ် ဖျက်သင်္ဘော တစင်းဟာ အစ္စရေးနိုင်ငံ အေးလာ့တ်ဆိပ်ကမ်းကို ဇန်နဝါရီ ၃၀ ရက်က ဆိုက်ကပ်လာခဲ့ကြောင်း အစ္စရေးစစ်ဘက်ကို ကိုးကားပြီး Ynet သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
အီဂျစ်၊ ဂျော်ဒန်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး အစ္စရေးနယ်စပ်အနီး အာကာဘာ ပင်လယ်ကွေ့ရှိ တောင်ပိုင်းဆိပ်ကမ်းကို အဲဒီဖျက်သင်္ဘောရောက်ရှိလာတာဟာ ကြိုတင်စီစဉ်ထားတာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးစစ်တပ်တွေအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုရဲ့ တစိတ်တပိုင်းဖြစ်တယ် Ynet က ပြောပါတယ်။
အစ္စရေး စစ်တပ်ကတော့ ရိုက်တာစ်သတင်းဌာနရဲ့ မှတ်ချက်တောင်းခံမှုကို ချက်ချင်း တုံ့ပြန်မှု မပေးခဲ့ပါဘူး။
ဝါရှင်တန်အစိုးရက အရှေ့အလယ်ပိုင်းကို ထပ်တိုးစစ်အင်အားတွေ စေလွှတ်နေချိန်မှာတောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်လှစ်ထားကြောင်း အချက်ပြ ပြောဆိုနေချိန်မှာပဲ စစ်သင်္ဘောဆိုက်ကပ်မှု ပေါ်ပေါက်လာတာပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်က လုံခြုံရေးအကြောင်းအရ စစ်ရေးလုပ်ငန်းစဉ်အသေးစိတ်တွေကို မဆွေးနွေးနိုင်ကြောင်း ရိုက်တာကို ပြောကြားခဲ့ပြီး စစ်သားတွေရဲ့ လုံခြုံရေးက အမြင့်ဆုံးဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။
ပင်တဂွန်အကြီးအကဲ ပိထ်ဟဂ်ဆသ်ကတော့ အမေရိကန်စစ်တပ်ဟာ သမ္မတ ဆုံးဖြတ်တဲ့ ဘယ်ကိစ္စကိုမဆို လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။
ထရမ့်ပ်က အီရန်ကို နျူကလီးယားအစီအစဉ် ဆွေးနွေးမှုတွေကို ပြန်လည်ပါဝင်ဖို့ သတိပေးခဲ့ပြီး မလိုက်နာဘူးဆိုရင် အမေရိကန်ဘက်မှ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ကြုံတွေ့ရမယ်လို့ ပြောဆိုထားပါတယ်။
အီရန်ဘက်ကလည်း သူတို့ တိုက်ခိုက်ခံရရင် အမေရိကန်၊ အစ္စရေးနဲ့ မဟာမိတ်တွေကို ပြန်လည်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ထရမ့်ပ်က အီရန်ကို ဦးတည်လာနေတဲ့ အာမာဒါ “ရေတပ်အုပ်စုကြီး” ရှိတယ်လို့ ပြောကြားခဲ့ပြီး၊ ဒါပေမဲ့ ဒါကို အသုံးမပြုရနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Source: Reuters


