
အမေရိကန်မြို့တော်၊ ဝါရှင်တန်ဒီစီမှာ အမေရိကန်လွှတ်တော်က ပြည်တွင်းလုံခြုံရေးဌာန (DHS) အတွက် ဘဏ္ဍာရေးရန်ပုံငွေ ကိစ္စရပ်တွေကို စဉ်းစားသုံးသပ်နေချိန်မှာပဲ ဇန်နဝါရီ ၂၉ ရက်က ဆီးနိတ်လွှတ်တော်ရုံး အဆောက်အအုံအတွင်း အာဏာဖီဆန် ဆန္ဒပြမှုကြောင့် ဘာသာရေး ခေါင်းဆောင် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဘာသာပေါင်းစုံ လူထုအရေး ဆောင်ရွက်ရေးအဖွဲ့ ဖြစ်တဲ့ Faith In Action အဖွဲ့က ပြောပါတယ်။
ဒီဆန္ဒပြပွဲဟာ မင်နီယာပိုလစ်စ်မြို့မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ မူဝါဒတွေအရ အကြမ်းဖက်နည်းလမ်းတွေ သုံးစွဲနေတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အထက်လွှတ်တော်အတွင်းမှာလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေ အာဏာတည်စေရေးနဲ့ ရန်ပုံငွေဆိုင်ရာ ဥပဒေမူကြမ်းတွေနဲ့ပတ်သက်လို့ အကြိတ်အနယ် အငြင်းပွားမှုတွေ ပြင်းထန်နေချိန်မှာ ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေအရ ဘာသာရေးခေါင်းဆောင်တွေဟာ ဘာသာရေး ဓမ္မတေးတွေကို သီဆိုရင်းဆန္ဒပြနေချိန်မှာပဲ လွှတ်တော်ရဲတပ်ဖွဲ့က ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာပါ။
အဖမ်းခံရသူတွေထဲမှာ "Faith In Action" အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဘုန်းတော်ကြီး ဒွိန်းရွိုက်စတာ အပါအဝင် မတူကွဲပြားတဲ့ ဘာသာရေးနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ ပါဝင်တယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Source: Reuters


