Home
နိုင်ငံတကာ
အမေရိကန် ICE တပ်ဖွဲ့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့မှူး ဘိုဗီနိုကို ရာထူးမှဖယ်ရှား
DVB
·
January 27, 2026
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးရေး စီမံချက်မှာ အဓိက ဦးဆောင်သူဖြစ်ပြီး အထူးအာဏာကုန် သုံးစွဲခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခံထားရတဲ့ အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ရဲ့ တပ်မှူး ဂရီဂိုရီ ဘိုဗီနိုကို ရာထူးတာဝန်ကနေ ဖယ်ရှားလိုက်ပါတယ်။

တပ်မှူး ဘိုဗီနိုဟာ ကာလီဖိုးနီးယားရှိ အရင်လုပ်ငန်းတာဝန်ဆီ ပြန်လည်စေလွှတ်ခံခဲ့ရပြီးတော့ မကြာခင်မှာ အငြိမ်းစားယူတော့မယ်လို့ The Atlantic သတင်းမှာ ဖော်ပြပါတယ်။

ဘိုဗီနိုဟာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဖက်ဒရယ်အေးဂျင့်တွေကို ဦးဆောင်ပြီး မြို့ပြလမ်းမတွေမှာ စစ်ဆင်ရေးသဖွယ် လှုပ်ရှားလေ့ရှိတာကြောင့် လူသိများသူ ဖြစ်ပါတယ်။

ဒါဟာ ရာဇဝတ်မှုတားဆီးတာထက် လူထုကို စစ်မြေပြင်လိုမျိုး ခြိမ်းခြောက်ရာရောက်တယ်လို့ ဒေသခံတွေက ခံစားခဲ့ရတာပါ။

မင်နီယာပိုလိစ်မြို့မှာ ဘိုဗီနိုရဲ့ တပ်ဖွဲ့တွေက အမေရိကန်နိုင်ငံသား ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြနေကြတာပါ။

သူ့ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သတင်းထွက်လာချိန်မှာ ဆန္ဒပြသူတွေဟာ ဘိုဗီနို တည်းခိုနေတဲ့ ဟိုတယ်ရှေ့မှာ ဝိုင်းဝန်းဆန္ဒပြခဲ့ကြပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆန္ဒပြသူတယောက်က “အခုမှပဲ စိတ်အေးသွားတယ်” လို့ ပြောပါတယ်။

မင်နီဆိုးတားပြည်နယ်မှာ အမေရိကန်နိုင်ငံသား ၂ ယောက် သေဆုံးခဲ့တာဟာ ထရမ့်ပ်အစိုးရအတွက် နိုင်ငံရေးအရ ဖိအားများလာပါတယ်။

အုပ်ချုပ်ရေးမှူး တင်မ် ဝါ့လ်ဇ် ကလည်း ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကို ဖက်ဒရယ် တပ်ဖွဲ့တွေက ကျူးကျော်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာပါ။

တနင်္လာနေ့အစောပိုင်းက သမ္မတ ထရမ့်ပ်နဲ့ မင်နီဆိုးတား အုပ်ချုပ်ရေးမှူး တင်မ် ဝါ့လ်ဇ် တို့အကြား သီးသန့်ဖုန်းဆွေးနွေးမှုရဲ့ ရလဒ်အနေနဲ့ ဘိုဗီနိုကို ရာထူးဖယ်ရှားလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

အမေရိကန် အမိမြေလုံခြုံရေးဌာန DHS၊ အကောက်ခွန်နဲ့ နယ်စပ် ကာကွယ်ရေးဌာနနဲ့ အိမ်ဖြူတော်တို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်းမတုံ့ပြန်သေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013