
အမေရိကန်က ဂရင်းလန်းကျွန်းပေါ်မှာ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ချထားတာကို ရုရှားက အနီးကပ် စောင့်ကြည့်သွားမယ်လို့ ရုရှား ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပဲ့စ်ကို့ဗ်က ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
ပဲ့စ်ကို့ဗ်က ရုရှားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းရဲ့ အရေးပါမှုကို ရုရှားမီဒီယာတွေနဲ့ အင်တာဗျူးတခုမှာ အလေးပေးပြောကြားခဲ့တယ်လို့ ရုရှားသတင်းဌာန ရီယာနိုဗိုစတီက ထုတ်ပြန်ပါတယ်။
အမေရိကန်ရဲ့ Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ပတ်သက်ပြီး ပြောရာမှာ ရုရှားနိုင်ငံက အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေကို အနီးကပ် စောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာသွားမယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်တဲ့ ဂရင်းလန်းဟာ ဒိန်းမတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတခု ဖြစ်ပြီး ဒိန်းမတ်အစိုးရက ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထိန်းချုပ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုက ဂရင်းလန်းကျွန်းပေါ်မှာ စစ်စခန်းတခု ထိန်းသိမ်းထားရှိပါတယ်။
၂၀၂၅ ခုနှစ်မှာ သမ္မတရာထူးကို ပြန်ထမ်းဆောင်ပြီးကတည်းက သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဂရင်းလန်းကို ရယူဖို့ ဆန္ဒရှိတယ်လို့ အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။
ဂရင်းလန်းကျွန်းဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့ အမေရိကန် အစိုးရက ပြောဆိုခဲ့ပြီး Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဂရင်းလန်းကျွန်း နေရာမှာ ဖြန့်ကြက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ထရမ့်ပ်က Golden Dome ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီစနစ်ကို အမေရိကန်ရဲ့ ရှိပြီးသား ဒုံးကျည်ကာကွယ်ရေးစွမ်းရည်တွေနဲ့ ပေါင်းစပ်နိုင်ပြီး အပြည့်အဝ လည်ပတ်ပြီးတာနဲ့ တပြိုင်နက် ကမ္ဘာ့တခြားဒေသတွေကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တွေကိုတောင် ကြားဖြတ်ဟန့်တားနိုင်မယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဂရင်းလန်းမှာ Golden Dome ကို တပ်ချထားချင်တယ် ဆိုတာက အာတိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတွေကို စောင့်ကြည့်ဖို့နဲ့ ရုရှားရဲ့ အသံထက်မြန်တဲ့ လက်နက်တွေ ဖြစ်တဲ့ ဟိုက်ပါဆောနစ်လက်နက်တွေကို ကြားဖြတ်နိုင်စွမ်းရဖို့ ရည်ရွယ်ထားတာလို့ ရုရှား အမျိုးသားစီးပွားရေးနဲ့ အများပြည်သူအုပ်ချုပ်ရေး အကယ်ဒမီက စစ်ရေးကျွမ်းကျင်သူ အလက်ဇန္ဒား စတီပန်နိုဗိုက အစောပိုင်းမှာ ပြောပါတယ်။
Source: Reuters


