Home
ဆောင်းပါး
အမေရိကန် မျက်နှာလွှဲချိန် မြန်မာ့အရေး ဥရောပသမဂ္ဂ ဦးဆောင်နိုင်မလား
DVB
·
January 27, 2026

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေ အထွတ်အထိပ် ရောက်နေချိန်တုန်းကတော့ မြန်မာပြည်အပေါ် အမေရိကန်ရော၊ ဥရောပသမဂ္ဂကပါ အတော်လေးစိတ်ဝင်စားမှု ရှိခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂန္ဒီလိုပဲ ဒီမိုကရေစီရဲ့ သင်္ကေတတခုအနေနဲ့ မြင်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ ကမ္ဘာ့ဒီမိုကရေစီအရေးမှာ ဝါရှင်တန် (အမေရိကန်) က နောက်ဆုတ်သွားပါပြီ။ အကူအညီတွေရော၊ နိုင်ငံရေးအရ ထောက်ခံမှုတွေပါ လျော့နည်းလာပါတယ်။ ဒီတော့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေမှာ အထောက်အပံ့တွေ နည်းပြီး အထီးကျန်ဖြစ်လာရပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းနိုင်ငံကြီးတွေကျတော့လည်း သူတို့အကျိုးစီးပွားကိုပဲ ကြည့်ပြီး ဆက်ဆံကြပါတယ်။ သူတို့နယ်စပ် တည်ငြိမ်ရေး၊ သယံဇာတ ရရှိရေးနဲ့ လုံခြုံရေးပြဿနာ မရှိစေရေး အတွက်လောက်ပဲ စိတ်ဝင်စားကြတာပါ။ အရင်တုန်းက ပေကျင်း (တရုတ်) ဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ ဆက်ဆံခဲ့တာကလည်း လက်တွေ့အကျိုးစီးပွားအရ လုပ်ခဲ့တာပါ။ ဒီမိုကရေစီကို ထောက်ခံလို့ မဟုတ်ပါဘူး။ မြန်မာ့ဒီမိုကရေစီခရီးကို အဆုံးသတ်စေခဲ့တဲ့ စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါး ကြာလာပါပြီ။ တရုတ်ကတော့ စစ်ကောင်စီကို ဆက်ပြီး ကျောထောက်နောက်ခံ ပေးနေတုန်းပါပဲ။ NUG အစိုးရကိုလည်း အသိအမှတ်မပြုပါဘူး။ NUG ကို အမေရိကန်နဲ့ ဥရောပရဲ့ လူတွေလို့ သူတို့က မြင်နေကြပါတယ်။

အခုဆိုရင် ဝါရှင်တန်ကလည်း ကိုယ်ကျိုးကြည့်တဲ့ဘက်ကို ယိမ်းယိုင်လာပါပြီ။ အာဆီယံကျတော့လည်း သူတို့အထဲမှာကိုက အကွဲအပြဲတွေ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ ဖွဲ့စည်းပုံအရ ကန့်သတ်ချက်တွေလည်း ရှိနေပြန်တယ်။ ဒီတော့ မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေအတွက် အားကိုးစရာဆိုလို့ နိုင်ငံတကာ အင်အားကြီးတွေထဲမှာ ဥရောပသမဂ္ဂပဲ ကျန်ပါတော့တယ်။ ဥရောပသမဂ္ဂက လက်တွေ့လည်း ပါဝင်ပတ်သက်နေသလို ယုံကြည်ရတဲ့ မိတ်ဘက်အဖြစ် နာမည်ကောင်းလည်း ရှိပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂအနေနဲ့ လမ်းကြောင်းမလွဲသွားဖို့ အရေးကြီးပါတယ်။ မြေပြင်က အင်အားစုတွေကို ပိုပြီး ထိထိရောက်ရောက် ကူညီပေးဖို့ လိုအပ်ပါတယ်။

ဝါရှင်တန်ရဲ့ မူဝါဒပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ မဟာဗျူဟာမြောက် ဆုံးရှုံးမှုများ

၂၀၂၅ အစောပိုင်းမှာ သမ္မတ ထရမ့်ပ် အစိုးရက USAID ရန်ပုံငွေတွေကို ဖြတ်တောက်လိုက်ပါတယ်။ ဒါဟာ မြန်မာ့တော်လှန်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးဒဏ်ကို နှစ်ချီ ခံစားနေရတဲ့ ပြည်သူတွေအတွက်လည်း အတော်လေး နစ်နာပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ၊ စစ်ဘေးရှောင်ရတာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုဆိုးလာနေချိန်မှာ ဒီလို ဖြစ်သွားတာပါ။ ၂၀၂၅ မတ်လမှာ ငလျင်အကြီးအကျယ် လှုပ်သွားတော့ အခြေအနေတွေက ပိုဆိုးသွားပါတယ်။

အမေရိကန်ဟာ အရင်ကလို ဒီမိုကရေစီဘက်က မရပ်တည်တော့ပါဘူး။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တချို့ကို ပိတ်ဆို့အရေးယူထားတာတွေ ပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ ယာယီနေထိုင်ခွင့် (TPS) အစီအစဉ်ကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ 

အမေရိကန် တာဝန်ရှိသူတွေကတော့ “အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိလာ” လို့ ဆိုပြီး အကြောင်းပြပါတယ်။ စစ်ကောင်စီက အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်တာ၊ ဒီဇင်ဘာမှာ စတင်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့်ပုံ ရှိတာတွေကို ထောက်ပြကြပါတယ်။

ဒါပေမဲ့ သေချာကြည့်လိုက်ရင် အဲဒီပြောစကားတွေက ယုတ္တိမရှိပါဘူး။ စစ်ကောင်စီက အရေးပေါ်အခြေအနေကို ရုပ်သိမ်းတယ်ဆိုပြီး ချက်ချင်းပဲ အမိန့်သစ် ပြန်ထုတ်ပါတယ်။ ပြည်နယ်နဲ့ တိုင်း ၉ ခုက မြို့နယ်ပေါင်းများစွာမှာ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ပါတယ်။ နိုင်ငံခြားအစိုးရတွေနဲ့ ကုလသမဂ္ဂကတော့ ဒါကို လက်မခံပါဘူး။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာက အသိအမှတ်ပြုအောင် လုပ်တဲ့ လှည့်ကွက်သက်သက်ပဲလို့ မြင်ကြပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်တာ မဟုတ်ပါဘူး။

၂၀၁၁ ပုံစံမျိုး ပြန်လုပ်ဖို့ ကြိုးစားနေခြင်း

တကယ်တမ်းကျတော့ ဝါရှင်တန်ရဲ့ စကားလုံးအပြောင်းအလဲတွေက စစ်ကောင်စီရဲ့ အကွက်ထဲ ဝင်နေပါတယ်။ စစ်ကောင်စီက အာဏာခိုင်မြဲဖို့နဲ့ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ ဂရုတစိုက် ဇာတ်တိုက် စီစဉ်နေတာ ဖြစ်ပါတယ်။

စစ်တပ်က ၂၀၁၁ တုန်းက အခင်းအကျင်းမျိုး ပြန်ဖြစ်အောင် ပုံဖော်နေပါတယ်။ အရေးပေါ်အခြေအနေ ရုပ်သိမ်းမယ်၊ ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့မယ်၊ ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ အစောပိုင်းမှာ ရွေးကောက်ပွဲတွေ အပိုင်းလိုက် လုပ်မယ်ဆိုပြီး လုပ်ပြနေတာပါ။ “ငြိမ်းချမ်းရေး တည်ဆောက်မှု”၊ “အမျိုးသား ပြန်လည်သင့်မြတ်ရေး”၊ “နိုင်ငံတည်ဆောက်ရေး” ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ထားပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကပဲ အာဏာရလာမဲ့ပုံစံမျိုး လုပ်ပြနေတာပါ။ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို ဆက်ထားပြီး ၂၀၁၀ အစောပိုင်းကာလက ပုံစံမျိုး ဒီမိုကရေစီ အကူးအပြောင်းဆိုပြီး ဟန်ပြလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခြေအနေတွေက လုံးဝမတူတော့ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် သမ္မတ ဦးသိန်းစိန်ခေတ် ၂၀၁၅ တုန်းက NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ ထိုးခဲ့တဲ့ အချိန်နဲ့ လက်ရှိက တခြားစီ ဖြစ်သွားပါပြီ။ အဲဒီတုန်းက နိုင်ငံရေး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပေမဲ့ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆန္ဒနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာတိက္ကမကြောင့် မျှော်လင့်ချက် ရှိခဲ့ကြပါတယ်။ အဓိက အဖွဲ့တွေအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ မပြည့်စုံပေမဲ့လည်း ဒီမိုကရေစီအစိုးရဆီသွားမယ့် ပထမခြေလှမ်းအဖြစ် မြင်ခဲ့ကြတာပါ။

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပြီး NCA ကို ချိုးဖောက်လိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီခရီးလည်း နိဋ္ဌိတံသွားခဲ့ပါတယ်။ အခု အခြေအနေက အရင်လို ပြန်မရောက်နိုင်တော့ပါဘူး။ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေ အများကြီး ရှိလာပါပြီ။ စစ်တပ်က နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်ပါတော့တယ်။ ကျန်တာတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDFs) နဲ့ တခြားအဖွဲ့တွေက နယ်မြေစိုးမိုးထားကြပါပြီ။

ပြည်တွင်းစစ်က မီးဟုန်းဟုန်းတောက်နေပေမဲ့ စစ်ကောင်စီကတော့ ၂၀၁၀ တုန်းက စကားလုံးတွေ ပြန်သုံးပြီး ငြိမ်းချမ်းရေး လမ်းပြမြေပုံဆိုတာ လုပ်နေပါတယ်။ ရွေးကောက်ပွဲဆိုတာလည်း ပြောနေပါတယ်။ ဒါပေမဲ့ သူတို့လုပ်ရပ်က တဖက်သတ် ဆန်ပါတယ်။ “အကြမ်းဖက်သမား” လို့ သူတို့ သတ်မှတ်ထားတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးမှာ မဟုတ်သလို အတိုက်အခံ ပါတီတွေကိုလည်း ဖျက်ဆီးပစ်လိုက်ပါပြီ။ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံခေါင်းဆောင်တွေ အဖမ်းခံထားရတုန်းပါပဲ။ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ လောက် ဖျက်သိမ်းခံလိုက်ရပါတယ်။ ပြည်သူအများစုက နိုင်ငံရေးမှာ ပါဝင်ခွင့် မရတော့ပါဘူး။

ပြည်သူတွေက စစ်အာဏာရှင်ကို လုံးဝ လက်မခံပါဘူး။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်ကြောင်း ပြောနေကြပါတယ်။ ဒါပေမဲ့ မတည်မငြိမ် ဖြစ်မှာကြောက်တဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကတော့ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ ပြည်သူတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်ကြပါဘူး။

မြန်မာ့ဒီမိုကရေစီ အနာဂတ်အတွက် ကတိကဝတ်တွေ လျော့ရဲလာခြင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲရောက်နေတော့ အတိုက်အခံ အင်အားစုတွေကို စုစည်းပေးမဲ့ ခေါင်းဆောင် မရှိသလို ဖြစ်နေပါတယ်။ တော်လှန်ရေး အင်အားစုတွေကလည်း တရွာတပုဒ်ဆန်း ကွဲပြားနေပါတယ်။ ပြည်ပရောက် NUG အစိုးရမှာ NLD တုန်းကလို အာဏာသက်ရောက်မှုမျိုး မရှိပါဘူး။ တချို့အဖွဲ့တွေက NUG ရဲ့ ဒီမိုကရေစီ လမ်းစဉ်ကိုလိုက်ပေမဲ့ တချို့ကျတော့ မြောက်ပိုင်းက ‘ဝ’ တပ်ဖွဲ့ပုံစံမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အာဏာထိန်းချုပ်နိုင်ရေးကိုပဲ ဦးစားပေးနေကြပါတယ်။

ဒီလို အကွဲအပြဲတွေကို ကြည့်ပြီး အနောက်နိုင်ငံ သံတမန်အသိုက်အဝန်းက စိုးရိမ်တကြီး ပြောဆိုလာကြပါတယ်။ “ဘော်လ်ကန်ဒေသလို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမယ်”၊ “ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမဲ့လမ်းကြောင်းပေါ် ရောက်နေတယ်” လို့ ဆိုကြပါတယ်။ စစ်ကောင်စီ ပြိုလဲသွားရင်တောင် ငြိမ်းချမ်းရေး မရနိုင်ဘူး၊ လက်နက်ကိုင်လမ်းစဉ်က အဖွဲ့တော်တော်များများရဲ့ အသက်သွေးကြောဖြစ်နေပြီလို့ သူတို့က မြင်ကြပါတယ်။ ဒီလို ယူဆချက်တွေကြောင့်ပဲ လက်ရှိ ဒီမိုကရေစီ အင်အားစုတွေကို ကူညီဖို့ တွန့်ဆုတ်လာကြပါတယ်။ စစ်ကောင်စီရဲ့ ပုံစံအတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပုံမှန်ဆက်ဆံရေး ပြန်လုပ်တာတွေဘက်ကို အားသန်လာကြပါတယ်။

အကြမ်းဖက်မှုတွေ၊ ရှုပ်ထွေးမှုတွေ ကြာလာတော့ နိုင်ငံရေးအရ စိတ်ကုန်လာကြပါတယ်။ အရင် ၂၀၁၀ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ဖူးတဲ့ ဆွစ်ဇာလန်နဲ့ နော်ဝေလို နိုင်ငံတွေက အာဏာမသိမ်းခင် အခြေအနေမျိုး ပြန်ရောက်ချင်နေကြပါတယ်။ ဒါဟာ ဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကတော့ စစ်တပ်ပြောတာကို နားယောင်နေကြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က မပြီးပြတ်ခဲ့တာတွေကို အဆုံးသတ်ဖို့ စစ်တပ်ကို နောက်တကြိမ် အခွင့်အရေး ပေးသင့်တယ်လို့ ထင်နေကြပါတယ်။

 ဥရောပသမဂ္ဂအတွက် အရေးကြီးတဲ့ အချိန်အခါ

ကုလသမဂ္ဂအပြင် ဥရောပသမဂ္ဂ (EU) တခုပဲ ကျန်ပါတော့တယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ကူညီပေးနိုင်တဲ့၊ ကိုယ်ကျိုးမကြည့်တဲ့ ပြင်ပအင်အားစုဆိုလို့ ဒီနှစ်ခုပဲ ရှိပါတယ်။

နိုင်ငံရေးသြဇာ အကြီးကြီး မရှိပေမဲ့ ဥရောပသမဂ္ဂဟာ မြန်မာ့နိုင်ငံရေး အသိုက်အဝန်းကြားမှာ ယုံကြည်မှု အတော်လေး ရထားပါတယ်။ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းအတွက် တောက်လျှောက် ရပ်တည်ပေးခဲ့တဲ့ တခုတည်းသော မိတ်ဘက်အဖွဲ့လည်းဖြစ်ပါတယ်။ အာဏာမသိမ်းခင် ဆယ်စုနှစ်တခုလောက်တုန်းကဆိုရင် ဥရောပသမဂ္ဂက ဖွံ့ဖြိုးရေးနဲ့ အဖွဲ့အစည်းပိုင်းဆိုင်ရာတွေ ကူညီပေးခဲ့တာကြောင့် အခု တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်လာခဲ့တာပါ။

၂၀၂၂ မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ပြီးတဲ့နောက် ဥရောပသမဂ္ဂက အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ ရှုပ်ထွေးမှုကို နားလည်ပြီး သိမ်မွေ့တဲ့ နည်းလမ်းတွေကို သုံးပါတယ်။ အခု အခြေအနေ ပြောင်းသွားပြီဆိုတာကိုလည်း သူတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) လို အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့က မဖြစ်မနေ လိုအပ်တယ်ဆိုတာ လက်ခံထားကြပါတယ်။

ဒီအဖွဲ့တွေရဲ့ အုပ်ချုပ်ရေး စွမ်းရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် လူသားချင်းစာနာမှု အကူအညီတွေ ပိုပေးနိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်နိုင်ပြီး လက်နက်ကိုင် လမ်းစဉ်တခုတည်းကိုပဲ အားကိုးနေတာမျိုး မဖြစ်အောင် လမ်းဖွင့်ပေးရာ ရောက်ပါတယ်။ ဒါမှသာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့မယ့် အနာဂတ် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာပါ။ ဒါဟာ စစ်ကောင်စီ လုပ်နေတဲ့ ၂၀၁၀ မူဘောင်ကို ပြန်တုပထားတဲ့ ဟန်ပြ ငြိမ်းချမ်းရေးနဲ့ မတူပါဘူး။ မြန်မာပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်လည်း ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက NUG ကိုယ်စားလှယ်တွေကို ဘရပ်ဆဲလ်မှာ ဖိတ်ခေါ်ဆွေးနွေးခဲ့တာဟာ မြေပြင်မှာ လက်တွေ့လုပ်ဆောင်မှုဖြစ်ပြီး နိုင်ငံရေးအရ အသိအမှတ်ပြုရာ ရောက်ပါတယ်။ ဒါ ချီးကျူးစရာပါ။ ဒါပေမဲ့ ဥရောပသမဂ္ဂ အတွင်းမှာကိုပဲ သံသယတွေ ရှိနေတုန်းပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေကို အားပေးလိုက်ရင် တိုင်းပြည် ပိုကွဲသွားမလား၊ လူမျိုးရေးအရ ရှင်းလင်းသုတ်သင်မှုတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်ကြပါတယ်။ အကြောင်းကတော့ တချို့အဖွဲ့တွေက လူမျိုးရေး အစွန်းရောက်တာတွေ ရှိလို့ပါပဲ။ အပစ်ရပ်တာကို ချိုးဖောက်ဖူးတာ၊ အကူအညီတွေကို လက်ဝါးကြီးအုပ်တာ၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဥရောပမှာလည်း ပြဿနာပေါင်းစုံ ဖြစ်နေတော့ တခြားနိုင်ငံတွေကို အာရုံစိုက်ဖို့ အားနည်းလာပါတယ်။ မြန်မာ့အရေးကနေ ဖယ်ခွာချင်စိတ်တွေ ဖြစ်လာကြပါတယ်။ ဖင်လန်နဲ့ ဒိန်းမတ်နိုင်ငံတွေက ၂၀၂၆ မှာ ရန်ကုန်သံရုံးတွေကို ပိတ်တော့မယ်လို့ ကြေညာထားတာက ဒါကို သက်သေပြနေပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ နောက်ဆုတ်လိုက်ရင် ဒီမိုကရေစီ အင်အားစုတွေကို ထိခိုက်စေရုံမကပါဘူး၊ စစ်ကောင်စီရဲ့ အကြမ်းဖက် နည်းလမ်းတွေကို မှန်တယ်လို့ ထောက်ခံပေးရာ ရောက်သွားပါလိမ့်မယ်။

ဥရောပသမဂ္ဂ အနေနဲ့ ခိုင်မှာတဲ့ရပ်တည်ချက်မျိုး ထားဖို့ လိုပါတယ်။ သံတမန်ရေးအရ ဆက်လက် ရပ်တည်ပြီး စစ်ကောင်စီကို ဖိအားပေးရပါမယ်။ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ငွေကြေးနဲ့ နိုင်ငံရေး အထောက်အပံ့တွေ ပိုပေးဖို့ လိုပါတယ်။ ဒါဟာ မြန်မာ့အနာဂတ် အတွက်တင် မဟုတ်ပါဘူး။ အားလုံးပါဝင်တဲ့ ဒီမိုကရေစီနည်းကျ ပဋိပက္ခ ဖြေရှင်းရေးကို ကာကွယ်ပေးတဲ့ ဥရောပသမဂ္ဂရဲ့ ဂုဏ်သိက္ခာအတွက်လည်း အရေးကြီးပါတယ်။

မရီယာလော်ရာ ဒီအိန်ဂျလိစ် 

Ref: The Diplomat(The Diplomat မဂ္ဂဇင်းဝက်ဆိုက်တွင် ဆောင်းပါးရှင် Marialaura De Angelis ရေးသားထားသည့် “As the US Turns Transactional, the EU Has a Critical Role in Myanmar” ဆောင်းပါးကိုဘာသာပြန်ဆိုဖော်ပြသည်။ စာရေးသူသည် နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ လူငယ်ပညာရှင်များ (YPFP) အစီအစဉ်၏ သံတမန်ရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013