
အမေရိကန်ဒေါ်လာတန်ဖိုးဟာ ဇန်နဝါရီ ၂၈ ရက်မှာ ၄ နှစ်အတွင်း အနိမ့်ဆုံး ရောက်သွားခဲ့ပြီး ဂျပန် ယန်း၊ ဥရောပ ယူရိုနဲ့ ဗြိတိသျှ စတာလင်ပေါင် တို့ကတော့ တန်ဖိုး တက်သွားခဲ့ပါတယ်။
ယုံကြည်မှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့နေတာ ကောင်းတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ပေးခဲ့အပြီးမှာ ဒေါ်လာထုတ်ရောင်းမှုတွေကို ပိုဆိုးသွားစေခဲ့ပါတယ်။
သတင်းထောက်တယောက်က “သမ္မတကြီးခင်ဗျား၊ လက်ရှိ ဒေါ်လာတန်ဖိုးက အရမ်းကျနေတယ် မထင်ဘူးလား” လို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်က “မထင်ပါဘူး။ ကောင်းတယ်လို့ထင်ပါတယ်။ ဒေါ်လာတန်ဖိုး ကောင်းပါတယ်။ တရုတ်နဲ့ ဂျပန်ကို ကြည့်ရင် တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျုပ် သူတို့နဲ့ အသည်းအသန် ဖိုက်နေရတာ။ သူတို့ ယန်းငွေတန်ဖိုးကို ချထားလို့လေ။ ယန်းတို့ ဝမ်တို့လေ။ သူတို့က အမြဲတမ်း တန်ဖိုးချထားချင်တာ။ ခင်ဗျားတို့ တန်ဖိုးချထားတာ မမျှတဘူးလို့ ကျုပ်ပြောတယ်။ အဲဒီလိုဆိုရင် ယှဉ်ပြိုင်ရခက်တယ်လေ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
မှတ်ချက်ပေးရာမှာ တောင်ကိုရီးယားဝမ်နဲ့ တရုတ်ယွမ်ငွေ အသံထွက်လွဲခဲ့တာ ဖြစ်နိုင်ပါတယ်။
ယူရိုငွေကြေးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၁ ဒသမ ၂ ဒေါ်လာ အထက်ကို ရောက်ရှိလာသလို ပေါင်စတာလင်ဈေးလည်း မြင့်တက်ခဲ့ပါတယ်။
ဂျပန်ယန်းငွေကတော့ တဒေါ်လာကို ၁၅၂ ဒသမ ၆၀ ယန်းအထိ ရောက်ရှိလာပြီး ၃ လအတွင်း အမြင့်ဆုံးနားကို ကပ်လာခဲ့တာပါ။
ဒေါ်လာဈေး ကျဆင်းမှုနဲ့အတူ ရွှေဈေးနှုန်းကလည်း တအောင်စကို ဒေါ်လာ ၅,၂၀၀ အထက် စံချိန်တင် ခုန်တက်သွားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေနဲ့ အမေရိကန်ဗဟိုဘဏ်အပေါ် စိုးရိမ်မှုတွေကြောင့် ဒေါ်လာတန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ မကြာခင် ထွက်ပေါ်လာမဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေကြပါတယ်။
Source: Reuters


