
လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကျူးလွန်တဲ့ အက်စတိန်းရဲ့ ဖိုင်အသစ်တွေကို နောက်ဆုံးထုတ်ပြန်လိုက်တာမှာ ဗွီဒီယိုပေါင်း ၂၀၀၀ ကျော်၊ ဓာတ်ပုံပေါင်း ၁၈၀,၀၀၀ ကျော်နဲ့ စာရွက်စတမ်းပေါင်း ၃ သန်းကျော်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အဲဒီဖိုင်တွေထဲမှာ စာသားတွေကို အမည်းရောင်လိုင်းတွေနဲ့ ဖုံးအုပ်တာလိုမျိုးတွေ အများကြီးပါဝင်တာလည်း တွေ့ရပါတယ်။
ဥပဒေအရ အက်စတိန်းနဲ့ပတ်သက်မှုမှာ သားကောင်ဖြစ်ခဲ့သူတွေ ဒါမှမဟုတ် စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲသူတို့ရဲ့ နာမည်တွေကလွဲရင် အများသိအောင်ဖော်ပြရမယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ အခေါက်တွေက ထုတ်ပြန်မှုတွေမှာလည်း အခုလို ဖုံးအုပ်မှုတွေ ပါဝင်ခဲ့ဖူးတာကြောင့် လွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။
ဒုတိယရှေ့နေချုပ်ဘလန်ချီက အမှုတွဲမှာ ပါဝင်တဲ့ တချို့ဖိုင်တွေကိုတော့ ဌာနက ထိမ်းသိမ်းထားတယ်လို့ ပြောထားပြီး ဒီလိုသိမ်းထားတာက တရားမဝင်ဘူးလို့လည်း လွှတ်တော်အမတ် တချို့က ဝေဖန်ထားပါတယ်။
သိမ်းထားတဲ့ ဖိုင်တချို့က အမှုစစ်ဆေးနေချိန်အတွင်း အသုံးပြုနေတဲ့ ဖိုင်တွေဖြစ်တယ်လို့ ဘလန်ချီက ပြောခဲ့တာပါ။
အက်စတိန်းနဲ့ပတ်သက်တဲ့ ဖိုင်တွေ ထုတ်ပြန်တဲ့နေရာမှာ ဖုံးအုပ်ထားတာ၊ သိမ်းဆည်းထားတာတွေဟာ ဘာ့ကြောင့် အဲ့ဒီလို ပြုလုပ်ရသလဲဆိုတဲ့ အစီရင်ခံစာ အကျဉ်းချုပ်ကို တရားရေးဌာနက လွှတ်တော်ကို သောကြာနေ့က ပေးပို့ခဲ့ပြီး ဒါက ဥပဒေနဲ့အညီဆောင်ရွက်တာလို့ ဘလန်ချီက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အက်စတိန်းနဲ့ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွေမှာ မိတ်ဆွေ ဖြစ်ခဲ့ပြီး ရာဇဝတ်မှုတွေ မပေါ်ပေါက်ခင် နှစ်ပေါင်းများစွာကပဲ လမ်းခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
အက်စတိန်းရဲ့ ဖိုင်တွေ ထုတ်ပြန်မဲ့ကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ပ်က လပေါင်းများစွာ ငြင်းဆိုခဲ့ပေမဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေရဲ့ တောင်းဆိုမှုကြောင့် ထုတ်ပြန်ခဲ့တာပါ။
အက်စတိန်းရဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သူဘာမှမသိဘူးလို့ ထရမ့်ပ်က ငြင်းဆိုထားပါတယ်။ လက်ရှိအချိန်အထိတော့ အက်စတိန်းနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေမှာ ထရမ့်ပ်ကို စွဲဆိုတာမျိုး မရှိသေးပါဘူး။
Source: Reuters


