
တရုတ်နဲ့ ကုန်သွယ်တာက ဗြိတိန်နိုင်ငံအတွက် အရမ်းအန္တရာယ်များတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ဗြိတိန်နဲ့ ဆက်ဆံရေးက ကောင်းမွန်ပြီး ခိုင်မာတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောဆိုခဲ့ပြီးနောက် ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။
ဝန်ကြီးချုပ် စတာမာဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံကို ၄ ရက်ကြာ အလည်အပတ် ရောက်ရှိနေပြီး တရုတ်နဲ့ ၂ နိုင်ငံ ဆက်သွယ်ရေး ပြန်တည်ဆောက်နေတာ ဖြစ်ပါတယ်။
“တရုတ်နဲ့ သဘောတူညီမှုတွေ ပြုလုပ်တာက အရမ်းအန္တရာယ်များပါတယ်” လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဗြိတိန်သမ္မတရုံးကလည်း အမေရိကန်သမ္မတ ဧပြီလမှာ တရုတ်နိုင်ငံကို ကိုယ်တိုင်သွားမယ်ဆိုတဲ့ အချက်ကို ပြန်ပြီး ထောက်ပြခဲ့ပါတယ်။
ထရမ့်ပ်ဟာ တရုတ်နဲ့ ဗြိတိန်တို့ ကုန်သွယ်ရေးသဘောတူခဲ့တာနဲ့ ပတ်သက်လို့ ထပ်ပြီး ပြောခဲ့တာမျိုး မရှိပေမဲ့ ကနေဒါနိုင်ငံလည်း အဲဒီလိုအန္တရာယ်မျိုးနဲ့ ကြုံနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကလည်း တရုတ်နိုင်ငံ ပေကျင်းကို အလည်အပတ်သွားခဲ့ဖူးပြီး အဲဒီတုန်းက တရုတ်နဲ့ စီးပွားရေးသဘောတူညီမှုတွေ ပြုလုပ်မယ်ဆိုရင် အခွန်တိုးကောက်မယ်လို့ ထရမ့်ပ်က ဒီတပတ် အစောပိုင်းာ သတိပေးခဲ့ဖူးပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ ဆုံမှုဟာ အရမ်းကောင်းတဲ့ တွေ့ဆုံမှုတွေပဲလို့ စတာမာက ပြောထားတာလည်း တွေ့ရပါတယ်။
တရုတ်နဲ့ ဗြိတိန်တို့ရဲ့ ဆွေးနွေးမှုအပြီးမှာ ဝီစကီအခွန်တွေ လျှော့ချဖို့နဲ့ ဗီဇာမလိုဘဲ ၂ နိုင်ငံ အပြန်အလှန် ခရီးသွားလာခွင့်တွေ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အက်စတာဇနက်ကာစက်ရုံ တရုတ်နိုင်ငံမှာ တည်ဆောက်ဖို့ ပေါင် ၁၀ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့ပါတယ်။
ဗြိတိန်နဲ့ တရုတ်တို့ဟာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတွေကိုလည်း ပူးပေါင်းကာကွယ်ဖို့ သဘောတူခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံ ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံက စတုတ္တအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ခဲ့ပါတယ်။
Source: Reuters


