
အမေရိကန်ရေတပ်က ပင်လယ်ကွေ့ဒေသမှာ စစ်အင်အားဖြည့်တင်းလာတာနဲ့အမျှ နျူကလီးယားအရေး သဘောတူညီမှုရဖို့ “အချိန်မကျန်တော့ဘူး” လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၈ ရက်မှာ အီရန်ကို သတိပေးလိုက်ပါတယ်။
“အင်အားကြီးမားတဲ့ ရေတပ်စစ်သင်္ဘောအုပ်စုကြီး” ဟာ အီရန်ဘက်ကို အင်တိုက်အားတိုက် ဦးတည်သွားနေပြီလို့ သမ္မတ ထရမ့်ပ်က ပြောလိုက်တာပါ။
ဒီပြောဆိုချက်အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အရက်ချီက မိမိတို့တပ်ဖွဲ့ဝင်တွေဟာ ကျူးကျော်မှုမှန်သမျှကို ချက်ချင်းလက်ငင်း တုံ့ပြန်ဖို့ “ခလုတ်ပေါ် လက်တင်ထားပြီး” အဆင်သင့် ရှိနေတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၆,၃၀၁ ယောက် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRANA) က အတည်ပြုထားပြီး နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) ကတော့ သေဆုံးသူအရေအတွက်ဟာ ၂၅,၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို ကတော့ ဆန္ဒပြပွဲတွေကြောင့် “အီရန်အစိုးရဟာ အရင်ကထက်ပိုပြီး အင်အားချည့်နဲ့နေပုံရတယ်” လို့ ဇန်နဝါရီ ၂၈ ရက် အထက်လွှတ်တော် ကြားနာပွဲမှာ ပြောပါတယ်။
ဂျော်ဒန်၊ ကာတာနဲ့ ဒီယေဂိုဂါစီယာ စစ်စခန်းတွေမှာ အမေရိကန်စစ်လေယာဉ်တွေ တိုးမြှင့်ချထားတာကို ဂြိုဟ်တုဓာတ်ပုံတွေအရ တွေ့မြင်ရသလို USS Abraham Lincoln လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ ရေတပ်သင်္ဘောအုပ်စုလည်း ရောက်ရှိနေပါတယ်။
တချိန်တည်းမှာပဲ အီရန်ဘက်ကလည်း မောင်းသူမဲ့လေယာဉ်တင်သင်္ဘော IRIS ရှာဟစ် ဘာဂါရီကို ကမ်းလွန်ပင်လယ်ပြင်မှာ ဖြန့်ကြက်ထားတာ တွေ့ရပါတယ်။
သမ္မတ ထရမ့်ပ်ကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် ကင်းစင်ပြီး မျှတတဲ့ သဘောတူညီချက်ရဖို့ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ အမြန်ဆုံးလာဖို့ မျှော်လင့်တယ်လို့ လူမှုကွန်ရက်မှာ ရေးပါတယ်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီ ကတော့ အမေရိကန်နဲ့ သတင်းစကားတွေ ဖလှယ်နေပေမဲ့ လက်ရှိမှာ တရားဝင်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ မရှိသေးဘူးလို့ ဆိုပါတယ်။
Source: Reuters


