
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တောင်ကိုရီးယားဘက်က တင်သွင်းမဲ့ ကုန်စည်တွေကို အခွန် ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့အတွက် ကြေညာလိုက်ပါတယ်။
ဒါဟာ အမေရိကန်နဲ့ ရရှိထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို တောင်ကိုရီးယားဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး သွင်းကုန်ခွန် တိုးမြှင့်ရာမှာ တောင်ကိုရီးယားနိုင်ငံထုတ် မော်တော်ယာဉ်တွေ၊ သစ်ထုတ်ကုန်တွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ အပြန်အလှန် အခွန်ကောက်ခံနေတဲ့ ကုန်စည်မှန်သမျှ ပါဝင်တဲ့အကြောင်း ထရမ့်ပ်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ထားပါတယ်။
အဲဒီနောက် “ကျုပ်တို့ဘက်က သဘောတူထားတဲ့အတိုင်း အခွန်နှုန်းထားတွေကို မြန်မြန်ဆန်ဆန် လျှော့ချပေးခဲ့ပေမဲ့လည်း တောင်ကိုရီးယား လွှတ်တော်အမတ်တွေကတော့ ဒါကို အတည်ပြုဖို့အတွက် နှောင့်နှေးနေတယ်” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရဟာ တရားဝင်အကြောင်းကြားစာ မရသေးဘူးလို့သာ တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ချက်ချင်းပြုလုပ်သွားမယ်ဆိုပြီး တောင်ကိုရီးယားဘက်က အတည်ပြုပါတယ်။
ဒါကြောင့် ကနေဒါနိုင်ငံမှာ ရောက်နေတဲ့ တောင်ကိုရီးယား စက်မှုဝန်ကြီး ကင်မ်ဂျုံကွမ်က ဝါရှင်တန်ကို သွားရောက်ပြီး အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း ဝပ်လတ်နစ်ခ်နဲ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
၂ နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက်ကို နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယား လွှတ်တော်မှာ တင်သွင်းခဲ့ပြီးဖြစ်ပေမဲ့လည်း လောလောဆယ်မှာတော့ သုံးသပ်နေဆဲပဲ ဖြစ်ပါတယ်။
လာမဲ့ ဖေဖော်ဝါရီလအတွင်း အတည်ပြုနိုင်ဖွယ် ရှိတယ်လို့လည်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၅ အောက်တိုဘာလအတွင်း အပြီးသတ်နိုင်ခဲ့တဲ့ သဘောတူညီချက်အရ အမေရိကန်ပြည်တွင်းမှာ ဒေါ်လာ ၃၅၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရမဲ့ တောင်ကိုရီးယားရဲ့ ကတိကဝတ်ကိုပါ ထည့်သွင်းထားပါတယ်။
ဇန်နဝါရီ ၂၄ ရက်တုန်းကလည်း တရုတ်နဲ့သာ ကုန်သွယ်ရေး သဘောတူညီချက် ချုပ်ဆိုခဲ့မယ်ဆိုရင် ကနေဒါနိုင်ငံကို ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုပြီး ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။
လက်ရှိ ဒုတိယမြောက် သက်တမ်းအတွင်း နိုင်ငံခြားရေးမူဝါဒတွေ အကောင်အထည်ဖော်တဲ့အခါ သမ္မတထရမ့်ပ်က သွင်းကုန်ခွန်တွေကို အလျှော့အတင်းလုပ်နိုင်တဲ့ ဖိအားပေးမှုအဖြစ် မကြာခဏ အသုံးပြုလေ့ ရှိပါတယ်။
Source: Reuters


