Home
နိုင်ငံတကာ
ကမ္ဘောဒီးယားမှ ကျားဖြန့် သံသယရှိသူ ၇၃ ဦးကို တောင်ကိုရီးယားသို့ ပြန်ပို့
DVB
·
January 24, 2026
Photo :Reuters

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ တောင်ကိုရီးယား နိုင်ငံသား ၇၃ ယောက်ကို ကမ္ဘောဒီးယားအာဏာပိုင်တွေက  ဇန်နဝါရီ ၂၂ ရက် ညပိုင်းမှာနေရပ်ကို ပြန်လည်နှင်ထုတ်ခဲ့ပြီး သံသယရှိသူတွေကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မနေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာပါတယ်။

တောင်ကိုရီးယားနိုင်ငံသား ၈၀၀ ကျော်ကို ဒေါ်လာ ၃၃ သန်းလောက် လိမ်လည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သံယရှိသူတွေကို မေးမြန်းစစ်ဆေးသွားမယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

အခုပြန်ပို့ဆောင်လိုက်တဲ့အုပ်စုမှာ အမျိုးသား ၆၅ ယောက်နဲ့ အမျိုးသမီး ၈ ယောက်တို့ ပါဝင်ပြီး သူတို့ဟာ မကြာသေးတဲ့ လတွေအတွင်း ဖမ်းဆီးထားတဲ့ တောင်ကိုရီးယားနိုင်ငံသား ၂၆၀ ကျော်ထဲမှ တစိတ်တပိုင်းဖြစ်ကာ အခုချိန်အထိ နေရပ်ပြန်ပို့ခံရသမျှအုပ်စုတွေထဲမှာ လူအများဆုံးအုပ်စုလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ နိုင်ငံဖြတ်ကျော်လိမ်လည်မှု ရာဇဝတ်မှုတွေ ပပျောက်သွားတဲ့အထိ ကမ္ဘောဒီးယားနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ တောင်ကိုရီးယားနိုင်ငံသား ၈၆၉  ယောက်ကို အွန်လိုင်းမှ ဝမ် ၄၉ ဘီလီယံ (ဒေါ်လာ ၃၃ သန်း) လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လိမ်လည်မှုစင်တာ ၇ ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။

သံသယရှိသူတွေထဲမှာ ဇနီးမောင်နှံ ၂  ယောက်ပါဝင်ပြီး သူတို့ဟာ Deepfake နည်းပညာနဲ့ ရုပ်ဖျက်ပြီး အချစ်ဇာတ်လမ်းထွင် လိမ်လည်တဲ့ (Romance Scam) နည်းလမ်းနဲ့ လူပေါင်း ၁၀၄ ယောက်ဆီကနေ ဝမ် ၁၂ ဘီလီယံကို လိမ်လည်ခဲ့တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ကမ္ဘောဒီးယားမှာ အလုပ်လုပ်ဖို့ အဓမ္မစေခိုင်းခံရတဲ့ ကိုရီးယားကျောင်းသားတတယောက် နှိပ်စက်သတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာ လူသိပိုများလာခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် တောင်ကိုရီးယားအစိုးရဟာ အောက်တိုဘာလမှာ ဖနွမ်းပင်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး ၂ နိုင်ငံပူးပေါင်းနှိမ်နင်းရေး ဆွေးနွေးခဲ့ရပါတယ်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့ရဲ့ အဆိုအရ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံသား ၆၀ လောက်ဟာ နေရပ်ပြန်ပို့ဖို့အတွက် ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တောင်ကိုရီးယားနိုင်ငံသား ၁,၀၀၀ လောက် အလုပ်လုပ်ကိုင်နေကြတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013