
မြောက်ကိုရီးယားက သူ့ရဲ့လေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်လို့ ပြောထားတဲ့ ဒရုန်းတွေဟာ အရပ်သားတွေက လွှတ်တင်နိုင်ခြေရှိတဲ့ ဖြစ်နိုင်ခြေကို အဓိကထားပြီး တောင်ကိုရီးယား အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတခု စတင်လိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်အပေါ် အလျင်အမြန် စုံစမ်းစစ်ဆေးမယ်လို့ သမ္မတ အီဂျယ်မြောင်က စနေနေ့မှာ ကတိပြုခဲ့ပြီး အရပ်သားတွေက ဒရုန်းယာဉ်ကို အမှန်တကယ် အသုံးပြုခဲ့တယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်ရှိ တောင်ကိုရီးယားရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ “ပြင်းထန်တဲ့ ရာဇဝတ်မှု” ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ဆန္ဒရှိပေမဲ့ အဆိုပြုချက် မလုပ်ထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂယူးဘေ့ခ်ကို ကိုးကားပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ အီဂျယ်မြောင် အစိုးရရဲ့ တွေ့ဆုံဆွေးနွေးမှု စတင်ဖို့ အရင်ကြိုးပမ်းမှုတွေကို တုံ့ပြန်ခြင်း မရှိပါဘူး။
ကိုရီးယား အမျိုးသားပေါင်းစည်းရေးအင်စတီကျုမှ အကြီးတန်းသုတေသနပညာရှင် ဟုန်းမင်း ကတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားအပေါ် မဟာဗျူဟာမြောက် “အသာစီးရရှိမှု” ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ချင်တာကြောင့် ပူးတွဲစုံစမ်းစစ်ဆေးမှုအတွက် အဆိုပြုချက်ကို လက်ခံဖို့က မဖြစ်နိုင်သလောက်ပဲလို့ အကြံပြု ပြောဆိုပါတယ်။
“မြောက်ကိုရီးယားဟာ အခုဆို တောင်ကိုရီးယားကို လုံးဝ သီးခြားဖြစ်ပြီး ရန်လိုတဲ့နိုင်ငံတခုအဖြစ် ရှုမြင်နေပါတယ်။ ပူးတွဲပူးပေါင်းဆောင်ရွက်မှု ဒါမှမဟုတ် ဒီလိုအဖြစ်မျိုး ပြန်လည်ဖြစ်ပွားခြင်းမှ တားဆီးရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ရုတ်တရက် ပြန်လုပ်ရမယ်ဆိုရင် သူတို့ရွေးချယ်ထားတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ သူတို့အတွက် ခေါင်းကိုက်စရာ ဖြစ်လာပြီ” လို့ ဟုန်းမင်းက ပြောပါတယ်။
Source: Reuters


