
ကမ္ဘောဒီးယားနဲ့ တောင်ကိုရီးယား ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အွန်လိုင်း လိမ်လည်မှုတွေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူ ၂၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
သံသယရှိသူတွေဟာ ရဲ ဒါမှမဟုတ် ဘဏ္ဍာရေးစည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့ဝင်တွေအဖြစ် ဟန်ဆောင်ပြီး တောင်ကိုရီးယားနိုင်ငံသား ၁၆၅ ယောက်ဆီကနေ (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၅ သန်း) နဲ့ ညီမျှတဲ့ ဝမ်ငွေ ၂၆ ဒသမ ၇ ဘီလီယံလောက်ကို လိမ်လည်ခဲ့တာကို နှစ်နိုင်ငံ ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ပြောရေးဆိုခွင့်ရှိသူ ခန်းယူဂျွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သံသယရှိသူတွေဟာ အမျိုးသမီးတွေ အတော်များများကို လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ရိုက်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ ခန်းက ပြောခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို ဖော်ပြဖို့ ငြင်းဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယားရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီတို့ရဲ့ အကူအညီနဲ့ အဖမ်းအဆီးတွေလုပ်ခဲ့ပြီး သံသယရှိသူတွေကို အပြစ်ပေးဖို့ တောင်ကိုရီးယားနိုင်ငံဆီ လွှဲပေးမယ်လို့ သူက ဆက်ပြောပါတယ်။
အဖမ်းအဆီးတွေနဲ့ စွပ်စွဲချက်တွေအတွက် မှတ်ချက်ပေးဖို့ ကမ္ဘောဒီးယားအစိုးရဆီ ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။
Source: Reuters


