
ထိုင်းနိုင်ငံကနေတဆင့် ကမ္ဘောဒီးယားနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တဲ့အကြောင်း Khaosod သတင်းမှာ ဖော်ပြပါတယ်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ဆာကယောက်ခရိုင်၊ အာရန်ရာပရာထက် မြို့နယ်ထဲက နောင်ပရူး ကျေးရွာ လယ်တောလမ်းအတိုင်း လမ်းလျှောက်လာတဲ့ လူတစုကိုတွေ့ရှိတာကြောင့် ဘူရဖ အထူးတပ်ဖွဲ့၊ ထိုင်းစစ်တပ် ရိန်းဂျားယူနစ်နဲ့ ကလောင်နမ်ဆိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့အဖွဲ့က ကင်းလှည့်နေချိန် စစ်ဆေးရာကနေ ခုလိုဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၁၆ ယောက်စလုံးဟာ မန္တလေးတိုင်းက အမျိုးသားတွေ ဖြစ်ကြပြီး နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ခရီးသွားလာခွင့် အထောက်အထား တစုံတရာ ပြသနိုင်ခြင်း မရှိကြဘူးလို့ ဆိုပါတယ်။
သူတို့ကို စစ်ဆေးချိန်မှာတော့ သူတို့ဟာ Facebook ပေါ်မှာ ကြော်ငြာထားတဲ့ တလကို အမေရိကန်ဒေါ်လာ ၅၀၀ လစာပေးမဲ့ သန့်ရှင်းရေးဝန်ထမ်း အလုပ်အကိုင်တွေကို လျှောက်ထားဖို့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် လာရောက်ခဲ့ကြတာလို့ ဆိုပါတယ်။
သူတို့ဟာ Facebook အက်ဒမင်တဦးနဲ့ ဆက်သွယ်ခဲ့ပြီးနောက်မှာတော့ ထိုင်းအမျိုးသား တယောက်နဲ့ မြန်မာအမျိုးသားတယောက်တို့က သူတို့ကို ကမ္ဘောဒီးယားဘက်ကို နယ်စပ် ဖြတ်ကျော်ပို့ဆောင်ဖို့ အနက်ရောင် ပစ်ကပ်ကားတစီးနဲ့ လာရောက်ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
သူတို့ရဲ့ ခရီးစဉ်အတွက် တယောက်ကို ဘတ်ငွေ ၁၂,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသလို ဖမ်းဆီးရမိချိန်မှာတော့ လမ်းပြ၊ ဒါမှမဟုတ် လူမှောင်ခိုကူးသူတွေကို အခင်းဖြစ်ပွားရာနေရာမှာ မတွေ့ခဲ့ရဘူးလို့ ရဲတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ကလောင် နမ်ဆိုင်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းထားခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod


