
AI အသိဉာဏ်ရည်တု နည်းပညာနဲ့ ပတ်သက်ပြီး ထိန်းကျောင်းမဲ့ ဥပဒေတရပ်ကို တောင်ကိုရီးယားနိုင်ငံက ပထမဆုံး စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကစပြီး အပြည့်အဝ အသက်ဝင်လာတဲ့ AI ဥပဒေထဲမှာ ကျယ်ပြန့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားဟာ Samsung နဲ့ SK Hynix လိုမျိုး ထိပ်တန်း ချစ်ပ်ကုမ္ပဏီကြီးတွေ အခြေစိုက်ရာ ဖြစ်တဲ့အလျောက် AI နယ်ပယ်မှာ အမေရိကန်နဲ့ တရုတ်ပြီးရင် အင်အားကြီးနိုင်ငံတခု ဖြစ်လာဖို့အထိ ရည်မှန်းထားတာပါ။
“ဒီကနေ့မှာ AI အခြေပြုဥပဒေဟာ အလုံးစုံ အာဏာသက်ရောက်မှုရှိပြီ” ဖြစ်တယ်လို့လည်း သမ္မတ အီဂျယ်မြောင် ကိုယ်တိုင် ကြေညာသွားပါတယ်။
အဲဒီဥပဒေအရ သက်ဆိုင်ရာ ကုမ္ပဏီဘက်က သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ AI နည်းပညာ အသုံးပြုထားရင် သုံးစွဲသူတွေကို ကြိုတင်အသိပေးရမှာ ဖြစ်ပါတယ်။
အလားတူ AI သုံးထားကြောင်းနဲ့ Deepfake အတုအယောင်ပုံစံ ဖန်တီးထားကြောင်း စတဲ့ ရှင်းလင်းတဲ့ အမှတ်အသားတွေ ပါရှိဖို့နဲ့ အခြားစည်းကမ်းချက်တွေပါ ပြဋ္ဌာန်းထားပါတယ်။
Deepfake ဆိုတာကတော့ “Deep Learning” ဆိုတဲ့ နက်နက်ရှိုင်းရှိုင် လေ့လာသင်ယူမှုနဲ့ “Fake” အတုဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ထားတာပါ။
ဒါဟာ လူတယောက်ရဲ့ ရုပ်နဲ့ အသံတွေ အသုံးပြုပြီး ကာယကံရှင်ကိုယ်တိုင် ဘယ်တုန်းကမှ မလုပ်ခဲ့၊ မပြောခဲ့တဲ့ အကြောင်းအရာတွေကို တကယ့်အစစ်နဲ့ ခွဲခြားရခက်အောင် အတုဖန်တီးတာမျိုးပဲ ဖြစ်ပါတယ်။
၂၀၂၄ ဒီဇင်ဘာလကတည်းက AI ထိန်းကျောင်းရေးဥပဒေကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် “AI ရဲ့ ဆန်းသစ်တီထွင်မှုတွေမှာ ပံ့ပိုးပေးနိုင်ဖို့အတွက် ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ အခြေခံအုတ်မြစ်တခုကို ထူထောင်ဖို့အတွက်” ရည်ရွယ်ထားကြောင်း သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စည်းကမ်းချိုးဖောက်မှုတွေ ရှိလာခဲ့ရင် ကိုရီးယားငွေ ဝမ် သန်း ၃၀၊ ဒေါ်လာအနေနဲ့ ၂၀,၄၀၀ လောက်အထိ ဒဏ်ကြေးချမှတ်ခံရနိုင်ပါတယ်။
ဒါဟာ ကမ္ဘာ့ပထမဆုံးနဲ့ ကျယ်ပြန့်ပြည့်စုံတဲ့ AI ဥပဒေ ဖြစ်တယ်လို့ပါ ပြည်တွင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။
တောင်ကိုရီးယားအစိုးရကတော့ ဒါကို ကမ္ဘာပေါ်မှာ ဒုတိယမြောက် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအဖြစ်သာ အသိအမှတ်ပြုပါတယ်။
ဘာကြောင့်လဲဆိုရင် ၂၀၂၄ ဇွန်လမှာ ဥရောပပါလီမန်က “ကမ္ဘာ့ပထမဆုံး AI စည်းမျဉ်းတွေ” ကို အစောဆုံး အတည်ပြုနိုင်ခဲ့တာကြောင့်ပါ။
ဒါပေမဲ့လည်း တဖြည်းဖြည်းချင်းသာ အကောင်အထည်ဖော်နေတာ ဖြစ်တဲ့အလျောက် ၂၀၂၇ ရောက်မှသာ တောင်ကိုရီးယားလိုမျိုး အပြည့်အဝ ကျင့်သုံးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Source:Reuters


