
ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ရန် အမေရိကန်က အာသာငမ်းငမ်းဖြစ်နေခြင်းသည် နေတိုးအဖွဲ့ကြီးကို ဖောက်ခွဲဖျက်ဆီးရန် စနက်တံကို မီးရှို့ပေးသလို ဖြစ်လာနေသည်ဟု ဇန်နဝါရီ ၁၇ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "America’s hunger for Greenland is tearing NATO apart" ဆောင်းပါးမှ ကောက်နုတ်တင်ပြသွားမည် ဖြစ်သည်။
ဒေါ်နယ်ထရမ့်ပ်က အဆိုပါကျွန်းအား ပိုင်ဆိုင်ရန် ကြိုးပမ်းလာမှုကို ဥရောပ မဟာမိတ်များက ခါးခါးသီးသီး ဆန့်ကျင်နေသဖြင့် ဒေါသအမျက်ချောင်းချောင်း ထွက်လာခဲ့သည်။ ထို့အတွက် ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကျွန်းပေါ်သို့ စစ်တပ်များ စေလွှတ်ခဲ့သော ဥရောပ ၈ နိုင်ငံအား ကုန်သွယ်ခွန်ကို လက်ရှိ တိုးမြှင့်ထားသည်ထက် နောက်ထပ် ဆယ်ရာခိုင်နှုန်း ထပ်ဆောင်းသွားမည်ဟု ကြေညာလာခဲ့သည်။ ထိုမျှနှင့် ရပ်မသွားဘဲ ဇွန်လတွင် နောက်ထပ် ၂၅ ရာနှုန်းတိုးဦးမည်ဟု ပြောလာသည်။ "ဂရင်းလန်းကျွန်းကို ဝယ်ခွင့်ပေးမည်ဆိုသည့် သဘောတူညီချက် မရမခြင်း တိုးပြီးရင်း တိုးသွားမည်ဟုလည်း ခြိမ်းခြောက်လာသည်။
ထရမ့်ပ်က ၎င်း၏ ပရမ်းပတာနိုင်လှသော ဆိုရှယ်မီဒီယာပို့စ်တခုတွင် မဟာမိတ်များအနေဖြင့် 'ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ဘေးကင်းရေး၊ လုံခြုံရေးနှင့် ရှင်သန်ရပ်တည်ရေးတို့အတွက် အလွန်အန္တရာယ်များသောအခြေအနေ' ကို ဖန်တီးနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
အမေရိကန်နှင့် ဒိန်းမတ် အရာရှိများ ဆွေးနွေးခဲ့မှုကလည်း မည်သည့်ရလဒ်မှ ထွက်ပေါ် မလာခဲ့၊ ဂရင်းလန်းကျွန်းသားများနှင့် ဒိန်းမတို့ လမ်းပေါ်ထွက်လာကြပြီး “ဂရင်းလန်သည် ရောင်းဖို့ မဟုတ်” ဟု ကန့်ကွက်ပြောဆိုလာကြသည်။
အခွန်တိုးမြှင့်မည်ဟု ထရမ့်ပ်၏ ခြိမ်းခြောက်အနိုင်ကျင့်လာမှုကို ငြိမ်ခံနေမည်မဟုတ်ဟု ဥရောပ ခေါင်းဆောင်များက ဒေါသတကြီး တုံ့ပြန်လာကြသည်။ (အခွန်ကောက်မဲ့ ခြိမ်းခြောက်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၁ ရက်တွင် ပြန်ရုပ်သိမ်းလိုက်သည်။)
"ဂရင်းလန်းနှင့် ပတ်သက်၍ကော၊ ယူကရိန်းနှင့် ပတ်သက်၍ပါ မည်သို့သော ခြိမ်းခြောက် အကျပ်ကိုင်မှုမျိုးမှ ကျွန်ုပ်တို့အပေါ် သက်ရောက်မည်မဟုတ်ဟု ပြင်သစ် သမ္မတက ပြောဆိုလာသည့်အပြင် ဆွီဒင်နှင့် ဗြိတိန် ဝန်ကြီးချုပ်ကပါ အာခံလာခဲ့သည်။
နေတိုးအဖွဲ့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုမျိုးနှင့် ရင်ဆိုင်လာခဲ့ရခြင်းသည်ကလည်း အမေရိကန်သည် အဖွဲ့ကြီး စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက နေတိုးအဖွဲ့ကြီးအတွက် စစ်ရေး၊ နိုင်ငံရေးတွင် ကျောရိုးကြီးသဖွယ် ရပ်တည်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
အမေရိကန်၏ လေကြောင်းအင်အားနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ မရှိက ရုရှား၏ ကျုးကျော်မှုကို ကာကွယ်ရန် ခက်ခဲပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရဖို့ ရှိနေသည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ နေတိုးအဖွဲ့ဝင် တခြားနိုင်ငံတနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်မည်ဆိုပါက အရာအားလုံး ရပ်တန့်သွားလိမ့်မည်ဟု ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် မက်တာဖရက်ဒရစ်ဆင် က ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ‘အဲဒီလို ရပ်တန့်သွားမဲ့ အရာတွေထဲမှာ နေတိုးအဖွဲ့ ကိုယ်တိုင်သာမက ဒုတိယကမ္ဘာစစ်နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ လုံခြုံရေးစနစ်တခုလုံးလည်း ပါဝင်လိမ့်မယ်’ဟု ဝန်ကြီးချုပ်က ဆိုသည်။
ထရမ့်ပ်အပေါ် ဥရောပ၏ ယုံကြည်ထားမှုသည် ယခုအခါ တဲတဲလေးသာ ကျန်ပေတော့သည်။ ဥရောပအစိုးရများအဖို့လည်း စဉ်းစားရဖို့ ဖြစ်လာသည်၊ ဂရင်းလန်းသည် သေးငယ်ပြီး အရေး မပါလှသည့်အတွက် အမေရိကန်နှင့် ဆက်ဆံရေး ပြိုလဲသွားသည်အထိ အဖြစ်မခံသင့်၊ ထိုသို့ ဖြစ်လာပါက ရုရှားတို့ သွေးတိုးစမ်းလာမည့် အရေးကိုလည်း စိုးရိမ်နေကြသည်။
နောက်တကြောင်းက လက်တုံ့ပြန်ရေးပင် ဖြစ်သည်။ ဥရောပသည် အမေရိကန်အား စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ အခွန်တိုးမြှင့်ခြင်းတို့ဖြင် တုံ့ပြန်၍ ရနေသော်လည်း အမေရိကန် စစ်အင်အားပေါ် မှီခို နေကြရ၍ ချုပ်တည်းနေရခြင်းလည်း ဖြစ်သည်။ ယခုအခါတွင်တော့ ထိုသို့ ချိန်ဆခြင်းမျိုး မရှိတော့။ အမေရိကန်နည်းပညာ ကုမ္ပဏီများကို ပစ်မှတ်ထားဖို့ ကြံရွယ်လာသည်၊ သို့သော် မိမိတို့ဘက်က ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ထားနိုင်မှ ဖြစ်မည်ကိုလည်း သိထားကြသည်။
အဓိက ပြဿနာ ဖြစ်လာသည်က ဥရောပကုန်းမြေကြီးပေါ်ရှိ အမေရိကန်တပ်များနှင့် အခြေစိုက်စခန်းများအရေးပင် ဖြစ်သည်။ ဥရောပနိုင်ငံ အတော်များများကတော့ လုံခြုံရေး အတွက် ဆက်ရှိနေစေချင်ကြသည်။
အချို့က ၎င်းတို့ကို မောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်နိုင်မှသာ အမေရိကန်နှင့် ညှိနှိုင်းရာမှာ အသာစီးရရန် ဖြစ်လာနိုင်သည်ဟု ရှုမြင်ကြသည်။ ထိုသို့ မောင်းထုတ်ခံရမည်ဆိုက အမေရိကန်တို့အဖို့ ဥရောပရှိ စစ်စခန်းများမှတဆင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကသို့ စစ်အင်အား ဖြန့်ကြက်နိုင်ရန် လွန်စွာခက်ခဲလာမည် ဖြစ်သည်။ ဥပမာ ဗင်နီဇွဲလားနှင့် ဆက်နွှယ်နေသော ရေနံတင်သင်္ဘောအား ဇန်နဝါရီ ၇ ရက်နေ့က သိမ်းယူခဲ့မှုတွင် ဗြိတိသျှ လေတပ်စခန်းကို သုံးခဲ့ရသည့်အပြင် ဒိန်းမတ်၏ အကူအညီကိုလည်း ယူခဲ့ရသည်။
ထို့ပြင် အမေရိကန်တို့ အာတိတ်သမုဒ္ဒရာအား စောင့်ကြည့်ထောက်လှမ်းနိုင်ခြင်းမှာလည်း ဂရင်းလန်း၊ အိုက်စလန်၊ ဗြိတိန်၊ နော်ဝေတို့၏ ပံ့ပိုးမှုများ ရနေသောကြောင့် ဖြစ်သည်။
အမေရိကန်နှင့် ရုတ်ခြည်းခွာပြဲသွားမည်ဆိုက ဥရောပလေတပ် အတော်များများသည်လည်း အမေရိကန်၏ ဆက်သွယ်ရေးစနစ်၊ ပစ်မှတ်ရှာဖွေရေး အချက်အလက်များ၊ ဒုံးကျည်များကို အသုံးပြုခွင့်မရ ဖြစ်လာခဲ့မည်ဆိုက အမေရိကန်မှ ဝယ်ယူထားသည့် အဆင့်မြင့်ဆုံး တိုက်လေယာဉ်များဖြစ်သော F-35 များကို အပြည့်အဝ အသုံးချနိုင်တော့မည် မဟုတ်ပေ။ ဤသည်ကပင် အမေရိကန်အား ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်နေရသည့် အကြောင်းများထဲတွင် ပါဝင်နေသည်။
ဥရောပခေါင်းဆောင်များလည်း လူထု၏ ဒေါသများအကြားတွင် ကြားညပ်လာနေသည်။ ဂျာမန် ပြည်သူ ၆၂ ရာနှုန်းက အမေရိကန်က ပြဿနာရှာလာလျင် ဒိန်းမတ်ကို ကူညီရမည်ဟု ပြောဆိုခဲ့ကြသည်။
မဟာမိတ်အဖွဲ့ကြီးသည် ဟန်မပျက် ဆက်လက်လည်ပတ်နေဦးမည့် အခြေအနေမျိုး ရှိနိုင်သော်လည်း၊ လွန်ခဲ့သည့် ၇၅ နှစ် နေတိုးအဖွဲ့ကို စတင်တည်ထောင်ချိန်ကတည်းက အခြေခံအုတ်မြစ်အဖြစ် တည်ရှိခဲ့သည့် အပြန်အလှန် ယုံကြည်မှုမျိုးသည် ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။
ကျနော့်၏ အမြင်ကို ပြောရလျှင် ဂရင်းလန်းအားရောင်းရန် သဘောတူမည်ဆိုပါက ဒေါ်လာ တြီလီယံချီ၍ ဝယ်ရမည့်အရေးကို အမေရိကန် အခွန်ထမ်းလူထုက သဘောတူကြမည်လော၊ ကျနော်သည် ဒေါ်နယ်ထရမ့်ပ်၏ ပေါက်ပန်းဈေး ပြောဆိုနေသည်ကို မအံ့ဩ၊ သို့သော် ထိုသို့ ပြောနေသည်များကို ရာထူးမက်ပြီးဘေးက ဖာထေးမြှောက်ပင့်ပေးနေသူများကိုသာ အံ့ဩမိသည်။
လှစိုးဝေ


