
အီရန်နိုင်ငံဆီ ဧရာမစစ်အင်အားစုကြီး ဦးတည်နေပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။
“အဲဒီကို ဦးတည်ပြီးတော့ သင်္ဘောအုပ်စုကြီး လွှတ်ထားပါတယ်။ ဧရာမစစ်အင်အားစုကြီး အီရန်ကို ဦးတည်နေပါတယ်။ ဘာမှဖြစ်တာ မမြင်ချင်ပေမဲ့ ကျုပ်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ လူ ၈၃၇ ယောက် ကြိုးပေးမှာကို ကျုပ် ဟန့်တားနိုင်ခဲ့ပါတယ်” လို့ ထရမ့်ပ်က ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကအပြန် အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ အခုလို ပြောကြားခဲ့တာပါ။
လက်ရှိမှာတော့ ယူအက်စ်အက်စ် အေဗရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောအုပ်စုဟာ အာရှ-ပစိဖိတ်ဒေသကနေ အရှေ့အလယ်ပိုင်းကို ရွေ့လျားနေပါတယ်။
အီရန်ဘက်က နျူကလီးယား အစီအစဉ်တွေ ပြန်စရင် အမေရိကန်က ထပ်မံတိုက်ခိုက်သွားမယ်လို့လည်း ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။
အီရန်ဆန္ဒပြပွဲတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့လို့ အခုလို တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် HRANA လူ့အခွင့်အရေးအဖွဲ့ကတော့ ပဋိပက္ခတွေကြောင့် သေဆုံးသူ ၄,၅၁၉ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။
အဲဒီအထဲမှာ ဆန္ဒပြသူ ၄,၂၅၁ ယောက် ပါဝင်ပြီး သေဆုံးသူ နောက်ထပ် ၉,၀၄၉ ယောက် ရှိတယ် ဆိုတာကိုလည်း စိစစ်နေဆဲ ဖြစ်ပါတယ်။
အီရန်တာဝန်ရှိသူတယောက်ကတော့ ဇန်နဝါရီ ၁၈ ရက်အထိ သေဆုံးသူ ၅,၀၀၀ ကျော်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ပါဝင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters


